မန္တလေးမြို့သစ်က အလားအလာကောင်းတဲ့ လမ်းမများ (၂)

မန္တလေးမြို့သစ်က အလားအလာကောင်းတဲ့ လမ်းမများ (၂)

လူနေအခြေကျပြီးဖြစ်တဲ့ မန္တလေးမြို့ရဲ့ မြို့သစ်ရပ်ကွက်ကြီးအတွင်းမှာ ဆိုခဲ့ပြီးဖြစ်တဲ့ ခိုင်ရွှေဝါ
လမ်း၊ ငုရွှေဝါလမ်းတို့နဲ့ အတူ နောက်ပိုင်းမှာ အကွက်အကွင်းကောင်းဖြစ်လာတဲ့ ၅၆ လမ်း၊
၅၈ လမ်းပေါ်က အိမ်မြေအကွက်အကွင်းတွေဟာ အလားအလာကောင်းတွေ ရှိနေသလို
တခြားထပ်ပြီးညွှန်းသင့်တဲ့ လမ်းတွေလည်း ရှိနေပါသေးတယ်။

မန္တလေးမြို့ရဲ့ လက်ရှိအိမ်ခြံမြေဈေး ကွက်ဟာ အေးစက်စက်ကာလကို ဖြတ်သန်းနေရတယ်
ဆိုပေမယ့် အထက်က ဆိုခဲ့တဲ့လမ်းပိုင်းတွေက အိမ်ခြံမြေဈေး ကွက်ကတော့ ဈေးကွက်မှာ
အိန္ဒြေရရ နေနိုင်တဲ့အနေအထားလို့ ဆိုနိုင်ပါ တယ်။ ဒါ့ပြင် အချိန်ကာလကြာလာတာ
နဲ့အမျှ အတက်ဘက်ကိုပဲ ဆက်လက်ဦးတည်မယ့် အိမ်ခြံမြေဈေးကွက် သဘောတရားထဲမှာ
ဒီအကွက်အကွင်း တွေဟာ ထိပ်ပိုင်းကနေ ပြေးနေမယ့်အပိုင်းတွေလို့ မှန်းဆနိုင်ပါလိမ့်မယ်။

ဒီလိုအနေအထားမှာ အခွင့်အလမ်း ကောင်းအတွက် အာရုံထားသင့်တဲ့နောက်ထပ် လမ်း
တစ်လမ်းကတော့မင်းကြီးရန်နောင်လမ်းပဲ ဖြစ်ပါတယ်။ ဒီလမ်းဟာ ပြည်ကြီးတံခွန်မြို့နယ်
အတွင်းမှာ ရှိနေပါတယ်။ အခြေကျပြီးဖြစ် တဲ့   မြို့သစ်ရပ်ကွက်ကြီးတွေနဲ့ ကပ်နေပြီး
အထူးသဖြင့် ပြီးခဲ့တဲ့နှစ်နှစ်လောက် အတွင်းမှာ သိသိသာသာဈေးနှုန်း မြောက်တက်ခဲ့တဲ့
မင်းကြီးရန်နောင် လမ်းပေါ်က အိမ်ခြံမြေအကွက်အကွင်း ဟာ အိမ်မြေဈေးကွက်မှာ ရင်းနှီး
မြှုပ်နှံလိုသူတွေ မျက်ခြည်ပြတ်မခံသင့်တဲ့အပိုင်းပါပဲ။

မြို့ရဲ့ အချက်အချာကျတဲ့ ၆၂ လမ်းမကနေ အရှေ့ဘက်က ၄၅ လမ်း လောက်အထိပေါက်
နေတဲ့ မင်းကြီးရန်နောင်လမ်းပေါ်က အိမ်ခြံမြေအကွက်အကွင်းဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်
ကုန်ပိုင်းမှာ လမ်းခင်းခဲ့တဲ့နောက်မှာ မျက်စိကျစရာပိုကောင်းလာခဲ့တာဖြစ်ပါတယ်။

ဒါဟာ ၂၀၁၁ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ မြေဈေးကွက် အကြီးအကျယ်လှုပ်ခတ် သွားခဲ့တဲ့အချိန်
နဲ့လည်း အချိန်ကိုက်ဖြစ်နေခဲ့ပြီး ဒီလမ်းပေါ်ကမြေကို ပိုက်ထားမိသူတွေအနေနဲ့ အကျိုးအမြတ်
ကောင်းကောင်း ရလိုက်ကြပါသေးတယ်။

အိမ်မြေအကျိုးဆောင်တွေရဲ့  အပြောအရ အဲဒီလမ်းပေါ်မှာ ဈေးကွက်မလှုပ်ခင်က ပေ ၄၀ x
ပေ ၆၀ မြေကွက် တစ်ကွက်ကို ကျပ်သိန်း ၅၀၀ ပေးဝယ်ဖို့ တွန့်ဆုတ်ခဲ့ကြပေမယ့် ဈေးကွက်
လှုပ်ခဲ့တဲ့ နှစ်လတာကာလအတွင်း ကျပ်သိန်း ၁,၅၀၀ နဲ့ အထက်အထိ ခေါ်ဈေးတွေ
မြောက်ကုန်ခဲ့သလို အရောင်းအဝယ် ဖြစ်ခဲ့တာတချို့လည်းရှိခဲ့တယ်လို့ သိရ ပါတယ်။

ဈေးကွက်ငြိမ်နေတဲ့ လက်ရှိအနေအထားအရ ၀ယ်လိုတဲ့သူတွေအတွက်တော့ အခုအချိန်ဟာ
အချိန်အခါ ကောင်းဖြစ်ကြောင်း အိမ်မြေအကျိုး ဆောင်တွေက ဆိုပါတယ်။ ငွေထားနိုင်
တဲ့သူတွေအနေနဲ့ ကိုယ့်အိမ်မြေကို ဆက်ကိုင်ထားကြမယ့် အနေအထားမှာရှိနေပေမယ့်
ဈေးနှုန်းကတော့ အကျဘက်ကို သိသိသာသာဆင်းနေပြီး ပြန်ထုတ်ရောင်းလိုသူတွေလည်း
ရှိနေတယ်လို့ အကျိုးဆောင်တွေက ဖြည့်စွက်ပြောပါတယ်။

ဒီနေရာမှာ ၀ယ်လိုသူတွေအတွက် မင်းကြီးရန်နောင်လမ်း အိမ်မြေဈေးကွက်ဟာ အားသာ
ချက်ဖြစ်နေတာက ဒီလမ်းဟာ လမ်းကြောပေါက်ပြီးဖြစ် နေတာ၊ လက်ရှိမှာ ဈေးနှုန်းက
အောက် ကိုဆင်းနေတာနဲ့ အိမ်ခြေအခြေချလာ ကြတာ သိသာလာတဲ့ အချက်တွေပဲ ဖြစ်
ပါတယ်။ အိမ်မြေအကွက်အကွင်းတစ်ခုမှာ လူနေအခြေချမှုများလာတဲ့အချက်ဟာ အား
အကောင်းဆုံးအချက် တစ်ချက်ဖြစ်တယ်လို့ အိမ်မြေအကျိုး ဆောင်တွေက ပြောလေ့ရှိပါတယ်။

မင်းကြီးရန်နောင်လမ်းနဲ့ ထောင့်ဖြတ်တည်ရှိနေတဲ့ ၅၈ လမ်းတောင်ဘက်တစ်လျှောက်က
အိမ်မြေအကွက်အကွင်းကလည်း အားကောင်းတဲ့လမ်းတစ်ခုအဖြစ် ထုတ်နှုတ်ရမှာပါပဲ။
ပြည်ကြီးတံခွန်မြို့နယ်ထဲက အတွင်းပိုင်းရပ်ကွက်တွေဟာ ဒီလမ်းတွေပေါ်ကို အဓိက
အားပြုပြီး ဖွံ့ဖြိုးလာရမယ့်အနေအထားမှာ ရှိနေပြီး လက်ရှိဈေးနှုန်းအရ မျက်မြင်လှနေတဲ့
အပိုင်းတွေဟာ ကျပ်သိန်း ၂,၀၀၀ ပတ်ချာလည်နဲ့ ရနိုင်ကြောင်း အကျိုးဆောင်တချို့က
ပြောပါတယ်။

သူတို့ရဲ့ သုံးသပ်ချက်အရ လက်ရှိအနေအထားဟာ ဈေးနှုန်းအရ အောက်ဆင်းပေးရမယ့်
အနေအထား ဖြစ်နေလို့အလားအလာကောင်းတဲ့ အိမ်မြေအကွက်အကွင်းမှာ အခွင့်အရေး
ကောင်းရှာထားနိုင်တယ်လို့ ဆိုကြပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး