လူ့အခွင့်အရေးနှင့်စပ်လျဉ်း၍ ကဏ္ဍ ပေါင်းစုံမှ စိတ်ဝင်စားမှု ပိုမိုများပြားလာ ပြီး လေ့လာမှုများ
ပြုလုပ်လာကြကြောင်း အခြေခံလူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သင်တန်းမှတာဝန်
ရှိသူတစ်ဦးက ပြောသည်။
နိုင်ငံတွင်း ပွင့်လင်းမြင်သာမှုရှိလာပြီး နောက်ပိုင်းတွင် လူ့အခွင့်အရေးနှင့် ပတ်သက်သည့်
အခြေခံအချက်များ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို လူတန်းစားမရွေး စိတ်ဝင်စားမှုရှိ
လာ ကြောင်း၊ ရှေ့နေများ၊ သံယာတော်များ အပြင်၊ ကျောင်းသားများပါ လေ့လာ မှုများရှိ
လာကြောင်း အခြေခံလူ့အခွင့် အရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သင်တန်းများ ဖွင့်လှစ်
သင်ကြားပေးနေ သော Civil Authorize Negotiate Organization မှ တာဝန်ရှိသူ
ဦးကျော်ကျော်က ပြောသည်။
"လူတွေက လူ့အခွင့်အရေးဆိုတာကို စိတ်ဝင်စားကြပါတယ်။ ဒါပေမယ့်အရင် က လူ့အခွင့်
အရေးဆိုတဲ့ စကားလုံးကို မသုံးရဲဘူး။ ကြောက်နေကြတယ်။ အခုလိုပွင့်လင်းလာပြီဆို
တော့ လူ့အခွင့်အရေးနဲ့ပတ်သတ်ပြီး စိတ်ဝင်တစားလေ့လာကြပါပြီ"ဟု ၎င်းက
မြန်မာတိုင်း(မ်)ကို ပြောသည်။
ထိုကဲ့သို့ စိတ်ဝင်စားမှုများပြား လာခြင်းကြောင့် လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့်အကြောင်း
များ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းများကိုကိုယ်တိုင် သိရှိနိုင်ရုံသာမက အများနှင့်ပါ
လွတ်လပ်စွာဆွေးနွေးနိုင်ရန် လူ့အခွင့်အရေးပညာပေး ပရဟိတသင်တန်းများကို တက်ရောက်
နိုင်နေပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပြသည်။
အဆိုပါသင်တန်းမှ တာဝန်ရှိသူဦးဝေယံမိုးမြင့်ကလည်း "ဒီလိုလူ့အခွင့်အရေးသင်တန်းတွေ
တက်ခြင်းအားဖြင့် လူ့အခွင့်အရေးနဲ့ ချိုးဖောက်မှုတွေဘာလဲဆိုတာ သိသွားမယ်။ ချိုးဖောက်
ခံရရင် ဘယ်လိုဆက်ပြီး အရေးယူရမယ်။ တိုင်ကြားရမလဲဆိုတာတွေသိသွားမယ်။ လူ့အခွင့်
အရေးနဲ့ ပတ်သက်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေကိုလည်း နားလည်သွားမယ်"ဟု ၎င်းက
ပြောသည်။
လက်ရှိ လူ့အခွင့်အရေးဆိုင်ရာ သင်တန်းပေးနေသော C.A.N အဖွဲ့ သည်လည်း ဖွံ့ဖြိုး
တိုးတက်မှုနှင့် လူ့အခွင့်အရေး၊ လူ့အခွင့်အရေးအဓိပ္ပာယ်၊ အယူအဆနှင့် အခြေခံအချက်များ၊
အမျိုးအစားများ၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ၊ နိုင်ငံသားနှင့်
နိုင်ငံရေးအခွင့်အရေးကို သိရှိနိုင်ရန် အခမဲ့သင်တန်းပေးနေကြောင်း ကိုကျော်ကျော်က ပြော
သည်။
"ဒီလူ့အခွင့်အရေးနဲ့ပတ်သက်ပြီး မန္တလေးမှာ မသိသေးတဲ့သူတွေ များနေတဲ့အတွက် မသိတဲ့
သူတွေသိအောင် သင်တန်းပေးတာပါ။ သိပြီးသားသူတွေ လည်း သင်တန်းမှာဆွေးနွေးလို့ရပါ
တယ်။ သင်တန်းမှာ လူ့အခွင့်အရေးအကြောင်း သိတဲ့ရှေ့နေတွေလာတက်ကြတယ်။ သူတို့
ဘာတွေသိဖို့ လိုအပ်သေးလဲဆိုတာသိချင်လို့ လာတက်ကြတာပါ။
"မန္တလေးမှာရှိတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေလည်း လာတက်ကြပါတယ်။ တကယ်လို့
ကျွန်တော်တို့အဖွဲ့ကို သင်တန်းပေးဖို့ အကူအညီတောင်းရင်လည်း အခမဲ့ လိုက်လံကူညီ
ပေးမှာပါ"ဟု ၎င်းက ပြောသည်။
C.A.N အဖွဲ့သည် လူ့အခွင့်အရေး ဆိုင်ရာသင်တန်းများကို ပထမအကြိမ် အဖြစ် ၂၀၁၂
ခုနှစ်၊ နိုဝင်ဘာလ၂၂ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး တစ်လလျှင်နှစ်ကြိမ်နှင့် တစ်ကြိမ်လျှင်
ငါးရက်ဖွင့်လှစ်၍ သင်တန်းပေးနေကြောင်း သိရသည်။















