မန္တလေးမြို့ ကြက်သွန်နီဈေးကွက်မှာ မတည်မငြိမ်ဖြစ်နေပြီး လက်ရှိဈေးနှုန်း ထက် ပိုမိုကျဆင်း
သွားနိုင်ကြောင်း ဈေးချိုမှ ကြက်သွန်နီပွဲရုံ လုပ်ငန်းရှင်များက ပြောသည်။
ကြက်သွန်နီဈေးနှုန်းများ အဆမတန် မြင့်တက်သွားပြီး ၀ယ်ယူစားသုံးမှု နည်းသွားခြင်းနှင့်
ကြက်သွန်နီအသစ်များ ပေါ်ချိန်ဖြစ်သောကြောင့်လည်း ဈေးနှုန်း ကျဆင်းသွားခြင်းဖြစ်ကာ
ဆက်လက် ကျဆင်းနိုင်ခြေရှိကြောင်း လုပ်ငန်းရှင် များက ခန့်မှန်းကြသည်။
"ကြက်သွန်နီက အသစ်ပေါ်ချိန်ဆို တော့ လက်ရှိထက် ပိုပြီးကျဖို့ပဲ ရှိတယ်။ရောင်းအားအနေ
နဲ့လည်း သိပ်မကောင်း ဘူး။ နယ်ဝယ်လက်ဖြစ်တဲ့ ကချင်ပြည် နယ်ဘက်က ကုန်သည်တွေ
ကလည်း စစ်ပွဲတွေဖြစ်တော့ ၀ယ်တာတွေ နည်း သွားတာလည်းပါတာပေါ့"ဟုရွှေမန်းလှ
ပွဲရုံမှ ဦးဝင်းမြင့်ကပြောသည်။
ယခင် ကြက်သွန်နီဈေးနှုန်းမှာ တစ်ပိသာကျပ် ၁,၈၀၀ ရှိနေရာမှ ၀ယ်ယူစားသုံးမှု နည်းပါး
သွားခြင်းကြောင့် တစ်ပိသာကျပ် ၁,၃၀၀ ထိ ကျဆင်းသွား ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ထူးကြယ်+တော်ဝင်ပွဲရုံမှ ကိုမောင်မောင်ဦးက "ဒီအချိန်မှာ ကြက်သွန်နီက အသစ်ပေါ်ချိန်ဆိုု
တော့ အစိုဓာတ်များ တဲ့အတွက် စားသုံးသူတွေက သိပ်မ ကြိုက်ကြဘူး။ အဲဒါကြောင့် ဈေးကျ
သွား တာလည်း ပါပါတယ်။ နောက်ပြီး ကြက်သွန်နီက ပြည်ပတင်ပို့မှုလည်း လက်ရှိမှာ မရှိ
သေးဘူး။ ပြည်တွင်းစားသုံးမှုပဲ ရှိတာဆိုတော့ ဈေးတက်ဖို့လည်း မရှိနိုင်ဘူး"ဟု ဆိုသည်။
ကြက်သွန်နီကို ပြည်ပတင်ပို့ရာတွင် လည်း အရည်အသွေးပိုင်းကို ထိန်းသိမ်း ရန် လိုအပ်
နေသေးပြီး တရုတ်နှင့် ထိုင်း နိုင်ငံတို့က အများဆုံးဝယ်လိုအားရှိနေ ကြောင်း ဦးဝင်းမြင့်က
ပြောသည်။
"တရုတ်က ၀ယ်တယ်ဆိုရင်လည်း တောင်သူရှုံးလောက်တဲ့ ဈေး ၂၅၀-၃၀၀လောက်မှ ၀ယ်
ချင်တာ။ မတ်လ လောက် ကြက်သွန်နီဈေးကျတဲ့ အချိန်လောက်မှပဲ ၀ယ်တာများတယ်။
တစ်ပိသာကို ၅၀၀ ကျော်ရင်ကိုမဝယ်ဘူး။ ပြည်တွင်းမှာဈေးတက်နေတဲ့ အချိန်ဆိုရင်တော့
တရုတ်က ကြက်သွန်နီတွေ ဈေးလျှော့ပြီး ၀င်လာတတ်တယ်။ ဒါပေမယ့် တရုတ်
ကြက်သွန်နီက အရည်အသွေးသိပ်မကောင်းဘူး"ဟု ဦးဝင်းမြင့်က ဆက်လက်ပြောပြသည်။
"ကြက်သွန်နီက အအေးဓာတ်ကို ပိုကြိုက်တယ်။ ချင်းပြည်နယ်နဲ့ ရှမ်း ပြည်နယ်မှာစိုက်တဲ့
ကြက်သွန်နီက အလုံးပိုလှတယ်။ ဒါပေမယ့် မြေပြန့်မှာ စိုက်တဲ့ ကြက်သွန်နီက အရည်
အသွေး ပိုကောင်းတယ်"ဟု ကိုမောင်မောင်ဦး ပြောသည်။
မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ကြက်သွန်နီကို
အများဆုံးစိုက် ပျိုးကြပြီး ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် နွားထိုးကြီးမြို့တို့တွင် အနည်းငယ်
စိုက်ပျိုးကြကြောင်း သိရသည်။
















