ထောင်ထဲမှာ တွေ့ကြုံခဲ့ရတဲ့ နာကျင် ကြေကွဲစရာ အဖြစ်အပျက်တွေ၊ အခက်အခဲ ဒုက္ခသုက္ခ
တွေကြားထဲက ပြုံးချင်စရာဇာတ်လမ်းလေးတွေ၊ ထောင်တွင်းက မယုံချင်စရာ အဖြစ်အပျက်
လေးတွေကို ဖတ်ရှုကြရမယ့် စာရေးသူ ဇော်သက်ထွေးရဲ့ စာအုပ်ဖြစ်ပါတယ်။
ထောင်တွင်းက ဇာတ်လမ်းအဖုံဖုံကို ရေးဖွဲ့ထားတဲ့စာအုပ်တွေ အရင်က လည်းရှိခဲ့သလို
အခုနောက်ပိုင်းမှာလည်း ကိုယ်တိုင်တွေ့ကြုံခဲ့ရပြီး ဘဝနဲ့ရင်းခဲ့ရတဲ့ ထောင်တွင်းက အဖြစ်
အပျက်အတွေ့အကြုံတွေကို စာဖတ်သူတွေလက်ထဲအရောက် ပို့ပေးလာတဲ့ စာအုပ်တွေက
လည်း စာဖတ်သူတွေရဲ့ စိတ်အာရုံကို သိမ်းကျုံးဆွဲဆောင်နေကြတာကို တွေ့ရပါတယ်။
အခုစာအုပ်ဟာလည်း စာဖတ်သူကို စိတ်ကျေနပ်မှုပေးမယ့် အဲဒီလိုစာအုပ်တွေထဲက
တစ်အုပ်လို့ဆိုပါရစေ။
အခုစာအုပ်ကိုရေးတဲ့ စာရေးသူဟာ ၁၉၉၀ပြည့်နှစ်မှာ နယ်စပ်ကကျောင်းသားတွေနဲ့
ဆက်သွယ်တဲ့စွဲချက် နဲ့ စစ်ခုံရုံးကနေ ထောင်ဒဏ် ခြောက်နှစ် အပြစ်ပေးခံခဲ့ရပြီး ၁၉၉၅
မှာ ပြန်လည်လွတ်မြောက်ခဲ့သူ၊ ပြီးတော့ ၂၀၀၃ ခုနှစ် ဇူလိုင်လမှာ နိုင်ငံတော်ကို စစ်မက်
ဖက် ပြိုင်ရန်ကြံစည်မှု ၁၂၂ (၁)နဲ့ သေဒဏ် အပြစ်ပေးခံခဲ့ရပေမယ့် နိုင်ငံတကာ ဖိအား
တွေကြောင့် ၂၀၀၅ ခုနှစ်မှာ မဆီလျော်တဲ့အမှုအဖြစ် သတ်မှတ်ပြီး ထောင်ကနေ ပြန်လွှတ်
ပေးခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။
ဒါ့ပြင် ၂၀၀၈ ခုနှစ်၊ မေလမှာ တိုက်ခတ်တဲ့ နာဂစ်မုန်တိုင်းကြောင့် ဒုက္ခရောက်သူတွေကို
စာပေသမား၊ အနုပညာရှင်တွေကို စုစည်းပြီး ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ပေမယ့်
နာဂစ်နဲ့ပတ်သက်ပြီး နိုင်ငံတကာကို မှားယွင်းတဲ့သတင်းတွေပေးပို့ပြီး မြန်မာနိုင်ငံကို သိက္ခာ
ကျစေဖို့ ကြိုးပမ်းအားထုတ်တယ်ဆိုတဲ့စွဲချက်တွေကြောင့် ထောင်ဒဏ် ၁၉ နှစ်အပြစ်ပေးခံရပြီး
နောက် ၂၀၁၂ ဇန်နဝါရီလမှာ ပြန်လွတ်မြောက်လာခဲ့သူဖြစ်ကြောင်း သိရပါတယ်။
ဘဝမှာ ဒီလိုလူးလူးလိမ့်လိမ့်ဖြစ်ခဲ့ရ တဲ့နောက် ထောင်ထဲမှာ သူကြုံတွေ့ရ တာတွေကို အနိမ့်
အမြင့်လှိုင်းတွေနဲ့ ဖော်ပြထားတဲ့ ဒီစာအုပ်ဟာ စာဖတ်သူကို ရသအမျိုးမျိုးပေးနိုင်ပါလိမ့်မယ်။
စာအုပ်မှာ ဆောင်းပါးပေါင်း ၃၇ ပုဒ် အထိ ပါ၀င်ထားပြီး အပုဒ်တိုင်းဟာ ကျစ်လျစ်စွာဖွဲ့စည်း
ထားတဲ့ စိတ်ဝင် စားစရာအကြောင်းအရာတွေ၊ သိသင့်သိထိုက်တဲ့ အတိတ်ကဖြစ်ရပ်တွေ
ဖြစ်နေပါတယ်။
အပုဒ်တိုင်းဖတ်ရမယ့် ဆောင်းပါး တွေထဲက ခေါင်းစဉ်တချို့ကို ဖော်ပြရရင် 'အလုပ်မရှိ
ကြောင်ရေချိုး'၊ 'ယာဉ်အို၊ ယာဉ်ဟောင်း၊ ယာဉ်ပျက်၊ လိုင်စင်မဲ့ယာဉ်'၊ 'ဇာဂနာသွားများ
ရိုက်ချိုးခံရခြင်း'၊ 'နရသိန်ခရောင်းတောကို ကျော်ဖြတ်ခြင်း'၊ 'ကားမာ့က်စ်နှင့် ကေမြိုး
ကြောင့် ဆာဒူးကြီးနေရာ အရွှေ့ခံရ ခြင်း'၊ 'ရေတမာပင်အောက်က အရိပ်တစ္ဆေ'၊
'ထောင်နံရံကို လက်သီးနဲ့ထိုးပြီးသည့်နောက်'၊ 'သတင်းစာဆရာ မောင်ဝံသခုံဖွဲ့အစစ်ခံ
ရခြင်း'နဲ့ 'ကြမ်းတမ်းသောစစ်ပွဲနှင့် နူးညံ့သောနှလုံးသား'တို့က စိတ်ကျေနပ်စရာဖြစ်မှာပါ။
ပြီးတော့ 'အရိုင်းထောင်ထဲတွင် ဆေးထိုးမှားခြင်း'၊ 'မောင်သော်က၏ နောက်ဆုံးနေ့များ'၊
'ဒေါက်တာတော့ဒေါက်တာ ဒါပေမယ့်'၊ 'ဘာပဲလိုလို ဘာ့စ် ပရို ဘာပဲဖြစ်ဖြစ် ဆိုဒါမစ်'၊
'မရှင်းဂန်း သရဖီနှင့် တွေ့ဆုံခြင်း'၊ 'ခါးသက်သော လောကဓံလှိုင်းတံပိုးများ'၊ 'ချန်ပီယံ
တင်ညွန့် ဘုန်းကြီးဝတ်သွားရခြင်းအကြောင်း'၊ '၉ လေးလုံးနှင့် ကြက်သား တစ်တုံး'၊
'တိုးတိုးတိတ်တိတ် အိမ်ကိုပြန် ခဲ့တယ်'၊ '၈၈ ရဲ့ နီစွေးရဲလက်သွေး တစ်စက်'၊ 'ချစ်မလွယ်
မုန်းခက်၏ ထောင်အဘိဓမ္မာတရား'တို့ကို တွေ့ရပါလိမ့်မယ်။
ဒီအထဲမှာ ရှေ့မှာပြောခဲ့သလိုပဲ ဒုက္ခ များနေတဲ့ကြားက ပြုံးမိစရာအဖြစ်ကလေးတွေပါ၀င်
သလို ကိုယ့်ယုံကြည်ချက်ကို ခိုင်ခိုင်ဆုပ်ကိုင်ရင်း ထောင်ထဲကနေ အသက်မဲ့ခန္ဓာနဲ့ ပြန်
ထွက်သွားရသူတွေ၊ ဒါမှမဟုတ် အသက်ကပြင်းပြီး ကံကြမ္မာကလည်း မျက်နှာသာပေးလို့ အသက်နဲ့ခန္ဓာတွဲလျက် ထောင်ထဲက ပြန်ထွက်နိုင်ခဲ့သူတွေရဲ့ အဖြစ်အပျက် အမျိုးမျိုးက
လည်း စာဖတ်သူကို ဆွဲဆောင်သွားမှာပါ။
'မျက်ရည်ပင်လယ်ဝေခဲ့တဲ့ မိခင်တိုင်းအတွက် အုတ်တံတိုင်းနောက်ကွယ်မှ ကြံ့ကြံ့ခံရပ်တည်
နိုင်ခဲ့တဲ့ အကျဉ်းသားတိုင်းအတွက်... လင်းပွင့်အိပ်မက်နိုင်ငံတော်အတွက်'လို့ စာရေးသူက
ညွှန်းဆိုထားတဲ့ ဒီစာအုပ်ကို ၂၀၁၂၊ နိုဝင်ဘာလမှာ HOME (House of Media & Enter-
tainment) ကနေ အုပ်ရေ ၁,၀၀၀ ထုတ်ဝေထားပြီး တန်ဖိုး ကျပ် ၃,၅၀၀ ဖြစ်ပါတယ်။
















