တစ်နှစ်ပတ်လုံး အငြိမ်ဈေးကွက်နဲ့သာ ဇာတ်သိမ်းခဲ့ရတဲ့ ၂၀၁၂ ခုနှစ် အိမ်ခြံမြေဈေးကွက်

တစ်နှစ်ပတ်လုံး အငြိမ်ဈေးကွက်နဲ့သာ ဇာတ်သိမ်းခဲ့ရတဲ့ ၂၀၁၂ ခုနှစ် အိမ်ခြံမြေဈေးကွက်

မန္တလေးမြို့ရဲ့ အိမ်ခြံမြေဈေးကွက်ဟာ ၂၀၁၂ ခုနှစ် ကုန်ဆုံးသွားတဲ့အချိန်မှာ တစ်နှစ်တာပတ်လုံး
အငြိမ်ဈေးကွက် အဖြစ်နဲ့သာ အဆုံးသတ်ခဲ့ရတဲ့နှစ် တစ်နှစ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်
ကြောင်း အိမ်ခြံမြေအကျိုးဆောင်တွေက ပြောပါတယ်။

၂၀၁၂ ခုနှစ်ဆန်းမတိုင်မီ၊ ၂၀၁၁ ခုနှစ်ကုန်ဆုံးဖို့ နှစ်လလောက်အလိုမှာ မထင်မှတ်ဘဲ လှုပ်ခတ်
ခဲ့တဲ့ မြေဈေးကွက်ရဲ့ အကျိုးဆက်ဟာ ၂၀၁၂ ခုနှစ် တစ်နှစ်တာပတ်လုံးရဲ့ မြေဈေးကွက်ကို
ကာလရှည် စွာအကျိုးသက်ရောက်စေခဲ့ပြီပဲ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် နိုဝင်ဘာ၊ ဒီဇင်ဘာ နှစ်လတာလောက်အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့မြေဈေးကွက်ရဲ့
သဘာဝမကျတဲ့ ဈေးနှုန်းမြင့်တက်လှုပ်ခတ်မှုဟာ အိမ်ခြံမြေ ဈေးကွက်မှာပဲ ရေရှည် ရင်းနှီး
မြှုပ်နှံမှု လုပ်လိုတဲ့သူတွေ အတွက်တော့ နောင်အခါမှာ ထပ်မံ ကြုံတွေ့လာခဲ့ရင် ထိန်းထိန်း
သိမ်းသိမ်းနဲ့ သတိထား လုပ်ဆောင်သင့်တဲ့ ကိစ္စရပ်တစ်ခုအဖြစ် မှတ်ယူသင့်ကြောင်းလည်း
အိမ်မြေအကျိုးဆောင်တချို့က သုံးသပ်ပြောပါတယ်။

မြေဈေးနှုန်းတွေ မမျှော်မှန်းရဲခဲ့တဲ့၊ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တဲ့ နှုန်းထားတွေ အထိ အချိန်နှစ်လ
တာအတွင်း တစ်ဟုန် ထိုးမြင့်တက်ခဲ့တဲ့ ၂၀၁၁ ခုနှစ် အိမ်မြေ ဈေးကွက်လှုပ်ခတ်မှုဟာ ၂၀၁၂
ခုနှစ် တစ်နှစ်တာလုံးရဲ့ မြေဈေးကွက်ကို ငြိမ် သက်စေခဲ့ရုံသာမက အခု ၂၀၁၃ ခုနှစ် ကိုပါ
မျှော်မှန်းဖို့ခက်တဲ့ အနေအထားကို ပါ ရောက်စေတဲ့အပြင် မှန်းဆဖို့ ခက်တဲ့ အခြေအနေမှာ
ရှိနေစေပါတယ်။

"ဒီ ၂၀၁၃ နှစ်ဆန်းပိုင်းကတော့ နည်းနည်းတော့ အဝယ်ပြန်လိုက်တန် ရင်လိုက်မယ်၊ အရွှေ့
အပြောင်းချိန် လည်း ဖြစ်တာကြောင့်ပါ။ လောလော ဆယ်ကတော့ ၀ယ်လက်တော်တော်ရှား
ပါတယ်"လို့ မြို့သစ်က 'ထင်ပေါ်' အိမ်ခြံ မြေအကျိုးဆောင်လုပ်ငန်းက ဦးခင်မောင်သောင်းက
ပြောပါတယ်။

လက်ရှိ ငြိမ်သက်နေတဲ့ အိမ်ခြံမြေဈေး ကွက်အရရော၊ အဆမတန်မြင့်တက်ခဲ့တဲ့ဈေးနှုန်းတန်း
တွေအရပါ ချိန်ထိုး ကြည့်ရင်တော့ အိမ်မြေဈေးကွက်ဟာ ပြန်သွက်လက်လာဖို့ အတန်ကြာ
အချိန် ယူရလိမ့်ဦးမယ်လို့ အိမ်မြေအကျိုး ဆောင်အများစုက ထင်မြင်သုံးသပ်နေ ကြပါတယ်။

ဒီအနေအထားမှာ အမြင့်ဈေးနှုန်းနဲ့ ၀ယ်ထားမိသူတွေအနေနဲ့ ပိုင်ဆိုင်မှုကို ဆက်ကိုင်ပြီး
ထိန်းထားချင်သူတွေလည်း ရှိသလို တစ်ဖက်မှာ ဈေးချပြီးရောင်းတဲ့ သူတွေလည်း ရှိတာပါပဲ။
အရောင်းအဝယ်ကတော့ ကြိုက်ရောင်းကြိုက်ဝယ်အနေအထားနဲ့ ငြိမ်နေတဲ့အတွက် ဈေး
ကွက်သဘောတရားအရ ဈေးနှုန်းဟာ အကျဘက်ကို ဦးတည်နေရပါတယ်။ ဒါဟာ အထူး
သဖြင့် လူနေသိပ်သည်းမှု နည်းပါးတဲ့ မြို့ကွက်သစ်အကွက်အကွင်းတွေဘက်မှာ ဖြစ်ပါတယ်။

ဈေးကွက်လှုပ်ခတ်ပြီး ဈေးနှုန်းတွေ တက်စဉ်ကာလကတော့ မန္တလေးမြို့တင်မဟုတ်ဘဲ
ပြင်ဦးလွင်၊ ရန်ကုန်စတဲ့ မြို့တွေမှာပါ အရောင်းအဝယ်သွက်ပြီး ဈေးနှုန်းတွေတက်ခဲ့ပါတယ်။
ဈေးကွက် ငြိမ်သွားခဲ့ရာမှာလည်း မြို့တွေအားလုံး ပါပဲ။

ဒါပေမယ့် မန္တလေးမြို့မှာ တစ်ချက်ပို ပြီးကွဲပြားသွားတာက လူနေမဖွံ့ဖြိုးသေးတဲ့ မြို့အရှေ့ဖျား
မြို့ကွက်သစ်အကွက် အကွင်းတွေဘက်မှာ စည်ပင်သာယာ က 'ကျူး'ကွက်တွေရှိကြောင်း
သတ်မှတ် ကြေညာခဲ့တဲ့နောက် ပိုင်ဆိုင်မှုအရှုပ်အရှင်းကိစ္စတွေ ရှိခဲ့ခြင်းပါပဲ။ ဒါဟာလူနေ
ကျဲတဲ့ခွင်တွေရဲ့ ငြိမ်သက်သွားတဲ့ အိမ်မြေဈေးကွက်ကို တစ်ပူပေါ်နှစ်ပူဆင့်စေခဲ့ပါတယ်။

ပြီးတော့ အဲဒီအပိုင်းတွေမှာ တခြား ပိုင်ဆိုင်မှုခိုင်မာတဲ့အပိုင်းတွေနဲ့ နှိုင်းယှဉ်ရင် အလွန်ချိုသာ
တဲ့ ဈေးနှုန်းတွေနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြတာ ကြောင့် 'မန္တလေးမှာ မြေကွက်တွေကို
အောက်ကြေးတွေနဲ့ ရောင်းထုတ်နေကြ တယ်'ဆိုတဲ့ သတင်းစကားတချို့တောင် ကြားခဲ့
ရပါတယ်။

၂၀၁၂ ခုနှစ် မန္တလေးမြေဈေးကွက်ကို အငြိမ်ဈေးကွက်အနေနဲ့ ချန်ထားရစ်ခဲ့ တဲ့ နောက်မှာ
ဈေးကွက်ပြန်လှုပ်ဖို့ အချိန် ထပ်စောင့်ရဦးမယ်လို့ အိမ်မြေအကျိုး ဆောင်အများစုက သုံးသပ်
နေကြပေ မယ့် တစ်ဖက်မှာ ထိုက်သင့်တဲ့အတိုင်း အတာနဲ့ ဈေးချရောင်းတဲ့အကွက် အကွင်း
မျိုးဆိုရင်တော့ အလုပ်လုပ်သင့် တယ်လို့ အကျိုးဆောင်တွေက ဆိုပါ တယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး