မြန်မာနိုင်ငံအတွင်း ဆည်မြောင်း၊ တာ တမံများဆောက်လုပ်ပါက လုံခြံုစိတ်ချ ရမှုနှင့် သဘာဝ
ပတ်ဝန်းကျင် အခြေ အနေများကို ဦးစားပေးချိန်ညှိ၍ လုပ် ဆောင်သင့်ကြောင်း ဆည်မြောင်း၊
တာတမံဆိုင်ရာ ပညာရှင်ဦးချိုချိုက ပြောသည်။
ဆည်မြောင်း၊ တာတမံဆိုင်ရာ စီမံကိန်းများ ဆောင်ရွက်ရာတွင် ဆည်ဆောက်လုပ်ပြီးပါက
ဖြစ်ပေါ်လာမည့် အကျိုးရလဒ်၊ ဆည်ဆောက်မည့် မြစ်အနေအထား၊ အဆိုပါမြစ်ကို အမှီပြု၍ စားသောက်နေရသော ပြည်သူလူထု၏အသက်အန္တရာယ်နှင့် စပ်လျဉ်း၍ လုံခြုံစိတ်ချမှုရှိရန်
အရေးကြီးကြောင်း ၎င်းက ပြောသည်။
"မြစ်ရဲ့အထက်ပိုင်းမှာ ဆည်ဆောက် မယ်ဆိုရင် မြစ်အောက်မှာရှိတဲ့လူတွေ ဘာတွေဖြစ်နိုင်
မလဲဆိုတာ စဉ်းစားသင့်ပါတယ်။ အဆိုးဆုံးဖြစ်နိုင်တာကတော့ ဒီဆည်ကြီး ကျိုးသွားမယ်
ဆိုရင်မြစ်အောက်ကလူတွေ မတွေးဝံ့ပါဘူး။ မြစ်ကြီးနားမြို့ရဲ့အထက် ၂၆ မိုင်မှာဆောက်လုပ်
တဲ့ မြစ်ဆုံဆည်ကြီးကပေရာနဲ့ချီပြီးမြင့်တယ်။ တကယ်လို့ဒီဆည်ကြီးများ ပြိုခဲ့မယ်ဆိုရင်
မြစ်ကြီးနားမြို့ကလူတွေ ဘုရားတချိန်တောင် ရမှာမဟုတ်ပါဘူး။ ဒါကဖြစ်တတ်တဲ့သဘာဝ
တွေပါ"ဟု ၎င်းက ပြောသည်။
ထို့ပြင် စီမံကိန်းလုပ်ဆောင်မည့်နေရာပတ်ဝန်းကျင်အနေအထား၊ သဘာဝပတ်ဝန်းကျင်
ပြောင်းလဲမှု၊ အခြေတည်မည့်မြစ်၏ နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ကောင်းကျိုး၊ ဆိုးကျိုး
များကို ထည့်သွင်းစဉ်းစား လုပ်ဆောင်သွားရန်လည်းလိုအပ်ကြောင်း ဦးချိုချိုက ပြောသည်။
"သဘာဝကို ဆန့်ကျင်ပြီးလုပ်တဲ့ အလုပ်တိုင်းမှာ သဘာဝကပြန်ပြီး တုံ့ ပြန်တတ်ပါတယ်။
ဒါကြောင့်သဘာဝ ဆိုးကျိုးပြန်ပေးတာတွေကို သိအောင် လုပ်ရမယ်။ နောက်ပိုင်းမှာ
ဆည်တွေ၊ တာတမံတွေဆောက်တာ ကြီးမား လာတာတွေဟာ သဘာဝပတ်ဝန်းကျင်ကို
ဒုက္ခအပေးဆုံးပါ။ ဖြစ်နိုင်ရင် ဆည်၊ တာတမံအကြီးတွေမဆောက်ဖို့ အကြံပေးထား တာတွေလည်းရှိပါတယ်။လုံးဝမဆောက်ရဘူးလို့ ပြောတာမဟုတ် ပါဘူး။ စီမံကိန်းတစ်ခု
လုပ်ဖို့ ဆည် ဆောက်တော့မယ်ဆိုရင် တကယ်လုပ်မှ ဖြစ်မှာလား၊ တခြားနည်းလမ်းမရှိဘူး
လားဆိုတဲ့ အချက်အလက်တွေ စဉ်းစားသင့်ပါတယ်။ မဖြစ်မနေ ဆောက်ရမယ် ဆိုရင်လည်း
သဘာဝပတ်ဝန်းကျင်နဲ့ချိန်ညှိပြီး လုပ်သင့်ပါတယ်" ဟု ၎င်းက ပြောသည်။
ဆည်ဆောက်လုပ်မည်ဆိုပါက မြစ်ကြောင်းများခွဲထွက်ခြင်း၊ မြစ်ရေစီးကြောင်းများပြောင်း
လဲခြင်း၊ သဘာဝ ပတ်ဝန်းကျင်ပြောင်းလဲမှု အခြေအနေ များကြောင့် မြစ်ကြောင်းတစ်လျှောက်
စိုက်ပျိုးထားသောသီးနှံများ ပျက်စီးကာပြည်သူလူထုသည်လည်း စားဝတ်နေရေးအခက်အခဲ
များ ဖြစ်ပေါ်လာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောပြသည်။
"မြစ်ရေစီးကြောင်းပြောင်းလဲမှုက မိုင် ရာနဲ့ချီပြီးတော့ ပြောင်းလဲသွားတာပါ။ဧရာဝတီမြစ်ဆိုရင်
လည်း မြစ်အထက်က နေ ဆည်အကြီးကြီးနဲ့ ပိတ်လိုက်တယ်။ ဒီအကျိုးဆက်က မြစ်ဝကျွန်း
ပေါ်၊ မုတ္တမကွေ့အထိ သက်ရောက်နိုင်ပါတယ်။ ပြီးတော့မြစ်မှာ ရေတင်ပါ၀င်တာ မဟုတ်ပါဘူး။
နုန်းအနယ်အနှစ်တွေ ပါလာပါတယ်။ မြစ်အခြေအနေ ပြောင်းလဲသွားတာနဲ့ နုန်းပါ၀င်မှုက
လည်း ပြောင်းလဲသွားတာကြောင့် စိုက်ပျိုးရေးအတွက် အခက်အခဲဖြစ်သွားနိုင်တယ်။
"တရုတ်နိုင်ငံရဲ့ မြစ်ဆုံတင်ပြချက်မှာ သူတို့မြစ်ဆုံဆည် တည်ဆောက်တဲ့ အတွက် နွေရာသီ
ရေပိုထွက်မှုကြောင့် သင်္ဘောတွေ သွားလာရေးအဆင်ပြေတယ်လို့ပြောထားတယ်။ မှန်ပါ
တယ်၊ ငြင်းလို့မရပါဘူး။ ဒါပေမယ့် ပိုထွက်လာတဲ့ရေက ငါးပေ တက်လာမှာလား၊ ဆယ်ပေ
တက်လာမှာလားဆိုတာ မသိဘူး။အဲဒါသူတို့တင်ပြချက်ထဲမှာမပါဘူး။ ဆည်ဆောက်လို့ရတဲ့
တန်ဖိုးနဲ့ ဆုံးရှုံးသွားတဲ့တန်ဖိုး မျှရဲ့လားဆိုတာတွေးသင့်တယ်"ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတော်ဖွံ့ဖြိုးမှု နောက်ကျ ကျန်ခဲ့ခြင်းအပေါ် စိတ်ဓာတ်ကျရန်မလို အပ်ဘဲ၊ ဖွံ့ဖြိုး
တိုးတက်ပြီးသော နိုင်ငံများ ဆောက်လုပ်ထားသော ဆည်၊ တာတမံ များ၏ကောင်းကျိုး၊
ဆိုးပြစ်များကို ဖွံ့ဖြိုး တိုးတက်မှုလုပ်ဆောင်ရန် ပြင်ဆင် ဆောင်ရွက်သည့် အချိန်တိုင်းတွင်
သင်ခန်းစာယူသင့်ကြောင်း ဦးချိုချိုက ပြောသည်။
"ဒီလိုဖွံ့ဖြိုးမှု နောက်ကျခြင်းဟာ တချို့နေရာတွေဟာ အကောင်းဆုံးတွေဖြစ်တတ်ပါတယ်။
ယိုးဒယားမှာ ကျောက်ဖယားဆိုတဲ့မြစ်ကြီးရှိတယ်။ သူတို့ကစက်မှုတိုးတက်တော့ မြစ်ကြီး
ကစွန့်ပစ် ရေတွေနဲ့ ညစ်ပတ်သွားတယ်။ ဒီမှာတော့စက်မှုလုပ်ငန်းက သိပ်မတိုးတက်သေး
တော့ ပျက်စီးမှုသိပ်မရှိသေးပါဘူး။
"ကမ္ဘာမှာ ဆည်ကျိုးတဲ့အဖြစ်အပျက် တွေ အများကြီးရှိတယ်။ တရုတ်နိုင်ငံမှာဆိုရင် ၁၉၇၅
ခုနှစ်က ဆည်ကျိုးတယ်။လူပေါင်း၂၃၀,၀၀၀ သေပါတယ်။ တောင်အာဖရိကနိုင်ငံမှာလည်း
၁၉၉၄ ခုနှစ်က ဆည်ကျိုးတယ်။ လူပေါင်း ၃,၉၀၀ သေပါတယ်။ အီတလီမှာ ဆည်ကျိုးတယ်
လူပေါင်း ၂,၅၀၀ သေတယ် နောက်ပြီးအတတ်ပညာ၊ နည်းပညာရပ်တွေ ထိပ်တန်းကျတဲ့
အမေရိကန်နိုင်ငံမှာလည်း ဆည်ကျိုးခဲ့ပါတယ်။ ဒါပေမယ့် အသေအပျောက်တော့ နည်းတာ
ပေါ့၊ ဒါကြောင့် ဒီအဖြစ်အပျက်တွေကို ဆည်၊ တာတမံတွေ ဆောက်လုပ်တဲ့အခါတိုင်းမှာ
သင်ခန်းစာယူနိုင်ပါတယ်"ဟု ၎င်းက ပြောသည်။















