မန္တလေးမြို့ရှိ အုတ်လုပ်ငန်းရှင်များက သဘာဝပတ်ဝန်းကျင်နှင့် သစ်တော ထိန်းသိမ်းသည့်
အနေဖြင့် ထင်းအစား ထိုးကျောက်မီးသွေး အသုံးပြုနေပြီ ဖြစ်ကြောင်း အုတ်လုပ်ငန်းရှင်များက
ပြောသည်။
အုတ်ဖုတ်ရာတွင် ခေတ်အဆက် ဆက် အသုံးပြုလာသော ထင်းအသုံးပြု ထုတ်လုပ်သည့်
အတွက် သစ်တောများ ပြုန်းတီးခြင်း၊ မြေဆီလွှာပျက်စီးမှု အခြေ အနေများကြောင့်
ကျောက်မီးသွေး အစားထိုး အသုံးပြုရခြင်းဖြစ်ကြောင်း တီကေအုတ်ရောင်းဝယ်ရေးမှ အုတ်
သူကြီး ဦးကျော်တင့်က ပြောသည်။
"ဒီကျောက်မီးသွေး အစားထိုးတဲ့ နည်းကို မန္တလေးအုတ်လုပ်ငန်းရှင်တွေ တော်တော်များများ
အသုံးပြုနေပါပြီ။ လူအများထင်ကြသလို မဟုတ်တော့ပါဘူး။ ကျွန်တော်တို့ရဲ့ မြေအုတ်က
သဘာဝပတ်ဝန်းကျင်လည်း မထိခိုက်ဘူး။ သစ်တောပြုန်းတီးမှုကိုလည်း လျှော့ချနိုင်ပါပြီ"
ဟု ၎င်းက ပြောသည်။
အုတ်လုပ်ငန်းရှင်တစ်ဦးကလည်း "မန္တလေးမြို့မှာတော့ မြေအုတ်နဲ့ ပတ်သက်ပြီး သစ်တော
ပြုန်းတီးတာတွေမရှိတော့ပါဘူး။ ကျောက်မီးသွေးပဲ အသုံးများနေပြီ။ ဒါပေမယ့်မြေအုတ်မှာ
ဒီလို စနစ်ပြောင်းသွားတာကို သိတဲ့သူနည်းသေးတယ်။ ရှေးရိုးအစဉ်အလာအတိုင်းလုပ်နေ
တယ်ပဲ ထင်နေကြတယ်။တကယ်တမ်း လေ့လာကြည့်ရင် ထင်းသုံးတာလျှော့ပြီး ကျောက်
မီးသွေးနဲ့ အုတ်ဖုတ်နေတာကို တွေ့ရမှာပါ။ ကျွန်တော်တို့ကလည်းခေတ်ရေစီးကြောင်းအတိုင်း
လိုက်လုပ်ရမှာပဲ"ဟု၎င်းက၊ပြောသည်။
ထိုသို့ ကျောက်မီးသွေးအစားထိုး အသုံးပြုမှုကြောင့် အုတ်အရည်အသွေးအပေါ် ထိခိုက်မှုမရှိဘဲ
ထင်းအသုံးပြုသည်ထက်ပင် အရည်အသွေး ပိုမိုကောင်းမွန်ကာ အုတ်ဖုတ်သူများအတွက်
အကုန်အကျသက်သာကြောင်းလည်း ဦးကျော်တင့်က ဆက်လက်ပြောသည်။
"ကျောက်မီးသွေးအုတ်ဆိုပြီး အရည်အသွေးပိုင်းမှာ သံသယဖြစ်စရာမလိုပါဘူး။ ထင်းအုတ်
ထက်ကို ပိုကောင်းပါသေးတယ်။ ပြီးတော့ အုတ်တွင်းထဲကိုထင်းတစ်ပုံ၊ ကျောက်မီးသွေးနှစ်ပုံ
ထည့်ရတဲ့အတွက် ထင်းကိုချွေတာရာရောက်သလို၊ ထင်းကိုသယ်ယူတဲ့အခါမှာ ကားအစီးရေ
၃၅ စီးလောက် မှာယူပြီး သယ်ရပေမယ့် ကျောက်မီးသွေးမှာတော့ ကား ၁၀ စီးပဲ မှာရတော့တဲ့
အတွက် ကုန်ကျစရိတ်လည်း လျှော့ချရာရောက်ပါတယ်" ဟု ၎င်းက ပြောသည်။
ကျောက်မီးသွေးအုတ် အသုံးပြုမှု ကြောင့် ဈေးနှုန်းပိုင်းမပြောင်းလဲဘဲ ထင်းအုတ်ရောင်းချသည့်
ပုံမှန်ဈေးနှုန်းဖြစ်သည့် အုတ်တစ်ချပ် လက်လီဈေးကျပ် ၁၁၀၊ လက်ကားဈေး ၉၅ ကျပ်မှ ကျပ်
၉၀ အထိ ဖြစ်ပြီး၊ လက်ရှိတွင် ဈေးပြိုင်ဆိုင်မှုများကြောင့် ၆၅ ကျပ်အထိ ကျဆင်းနေကြောင်း
၎င်းက၊ပြောသည်။
လက်ရှိအုတ်ဖုတ်ရာတွင် အသုံးပြုသည့် ကျောက်မီးသွေးလောင်စာများ ကို ကလေးဝမြို့၊
နမ္မတီးနှင့် ခန္တီးမြို့များမှ အဓိကမှာယူကြောင်း သိရသည်။
















