မင်းကွန်းရေကြောင်းခရီး တစ်နေ့ ၅၀၀ စံချိန်တင်သွားရောက်

မင်းကွန်းရေကြောင်းခရီး တစ်နေ့ ၅၀၀ စံချိန်တင်သွားရောက်

၂၀၁၂ ခုနှစ်တွင် မင်းကွန်းသို့ ရေကြောင်းခရီးဖြင့် လည်ပတ်မှုပိုမိုများပြားလာပြီး တစ်နေ့လျှင်
နိုင်ငံခြား ခရီးသွား ၅၀၀ ခန့်အထိ စံချိန်တင်သွား ရောက်လည်ပတ်ကြကြောင်း နိုင်ငံခြားသား
ပို့ဆောင်ရေး ရေယာဉ်အသင်း ဥက္ကဋ္ဌ ဦးသက်ထွန်းက ပြောသည်။

"နိုင်ငံခြားခရီးသွားတွေကတော့ ရေ ကြောင်းခရီးနဲ့ပဲ သွားကြတာများတယ်။နောက်ဆိုရင်
ခရီးသွားတွေက လက်ရှိ လာတာထက်ကို ပိုများလာဖို့ရှိပါတယ်။လက်ရှိမှာကို တစ်နေ့
သင်္ဘော အစင်း ၄၀ လောက် မန္တလေးကနေ မင်းကွန်းကို ပြေးဆွဲနေတယ်။

"ဧပြီလနဲ့ မေလတွေမှာ မြစ်ရေကျပြီး သောင်တင်တာကြောင့် ရေလမ်း ကြောင်းကျဉ်းပြီး
သင်္ဘောတွေသွားလာတဲ့အခါမှာ အခက်အခဲတွေရှိတယ်။ ဒီလိုမျိုးရေကြောင်းခရီးနဲ့ အခက်
အခဲ ဖြစ်တဲ့အခါကျမှသာ ကားနဲ့သွားကြတာပါ" ဟု ၎င်းက ပြောသည်။

လူဦးရေပေါ်တွင်မူတည်၍ သင်္ဘော အမျိုးအစားမှာလည်း ကွာခြားပြီး၊ သင်္ဘောအမျိုးအစား
အလိုက် စင်းလုံးငှားလျှင် ကျပ် ငါးသိန်းမှ ၁၀ သိန်းအထိရှိကာ တစ်စင်းလျှင် ငါးယောက်မှ
အယောက် ၄၀ ခန့်ထိ လိုက်ပါနိုင်ကြောင်း ဦးသက်ထွန်းက ပြောသည်။

"တစ်ယောက်ချင်းဆိုရင်တော့ ကျပ် ၅,၀၀၀ ယူတယ်။ တချို့ကလည်း သင်္ဘော စီးချင်လို့ကို
မင်းကွန်းကို သွားကြတာ။ မင်းကွန်းခေါင်းလောင်းကြီးနဲ့ မင်းကွန်း ပုထိုးတော်ကြီးကို လေ့လာ
ချင်လို့ သွားတဲ့သူလည်းပါပါတယ်"ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထိုကဲ့သို့ ရေကြောင်းခရီးဖြင့် လည်ပတ်မှုများလာခြင်းနှင့်အတူ သင်္ဘောဆိပ်များ သန့်ရှင်းမှုရှိရန်
လိုအပ်နေကာ နိုင်ငံခြားခရီးသည်များ လုံခြံုရေးအတွက် လက်ရှိဆိပ်ကမ်းကို ထပ်မံတိုးချဲ့ပေးရန်
လိုအပ်ကြောင်း ၎င်းကအကြံပြုပြောကြားသည်။

"ပြည်ပဧည့်သည်တွေ သင်္ဘောဆိပ် ကို အဝင်အထွက်များလာပေမယ့် အခု ထိ သန့်ရှင်းမှု
မရှိသေးဘူး။ မြစ်ကမ်းဘေး မှာ အမှိုက်ပစ်တာတွေ၊ အပေါ့သွားတာ တွေ၊ ကလေးတွေက
ဧည့်သည်တွေဆီကနေ ပိုက်ဆံလိုက်တောင်းတာတွေ ရှိနေသေးတယ်။ နောက်ပြီး မြစ်ဆိပ်ကို
၀င်လာ တဲ့ကုန်တင်ကားတွေက နိုင်ငံခြား ခရီးသည်တွေ ရပ်ထားတဲ့ကားကို ၀င်တိုက်မိတဲ့
အဖြစ်တွေရှိတယ်"ဟု ၎င်းက ပြောသည်။

ယခုနှစ်ခရီးသွားရာသီတွင် နိုင်ငံခြားသားခရီးသွားဧည့်သည်များ လည်ပတ်မှုမှာ ယခင်နှစ်များ
ထက် ရ၅ ရာခိုင်နှုန်းခန့် ပိုမိုများပြားလာကာ နိုဝင်ဘာလမှ ဇန်နဝါရီလအထိ ဂျာမန်၊ ပြင်သစ်၊
အမေရိကန်၊ စပိန်၊ ထိုင်း ၊ ကိုရီးယားလူမျိုးများအများဆုံး လာရောက်လည်ပတ်ကြကြောင်း
သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး