ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၌ တည်ဆောက်နေသည့် မဂ္ဂါ၀ပ် ၁၄၀ ထွက်မည့် လျှပ်စစ်ဓာတ်
အားပေးစီမံကိန်းကြောင့် ရေဝပ်ဧရိယာအတွင်း ကျရောက်နေသည့် ကျေးရွာများ ပြောင်း ရွှေ့ရေးနှင့်
နစ်နာကြေးကိစ္စများကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ဒေသခံများ ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး မူလ
အခြေအနေထက်သာလွန်စေရန် ဆောင်ရွက်ပေးမည်ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။
"ဒေသခံတွေရဲ့ လိုလားချက်တွေကို ကျွန်တော်ဆုံးဖြတ်နိုင်တာ ဆုံးဖြတ်ပေး မယ်။ ကျွန်တော် မဆုံးဖြတ်နိုင်တာကို ၀န်ကြီးဌာနကတစ်ဆင့် အစိုးရအဖွဲ့ကို တင်ပြပေးပါမယ်"ဟု လျှပ်စစ်ဝန်ကြီး ဌာန၊ ရေအားလျှပ်စစ် အကောင်အထည် ဖော်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးသောင်းဟန်က ပြီးခဲ့သည့် လ ၂၈ ရက်က ပင်လောင်းမြို့နယ်ရှိ ရေဝပ်ဧရိယာ ကျေးရွာများ ရွှေ့ပြောင်းမှု ကွပ်ကဲရေးရုံး၌ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။ ရေဝပ်ဧရိယာအတွင်း ကျရောက် သည့် ကျေးရွာ ၂၃ ရွာအတွက် လူနေ အိမ် ရွှေ့ပြောင်းစရိတ်၊ လယ်ယာကိုင်း ဖော်ထုတ်စရိတ်၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများအတွက် မြန်မာ ကျပ်ငွေ သန်းပေါင်း ၉,၀၀၀ ကျော် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ပြောသည်။ "စာသင်ကျောင်းတွေကတော့ နောင် ငါးနှစ်နေရင် တိုးတက်လာမယ့် ကျောင်း သားဦးရေအတွက်ပါ တည်ဆောက်ပေး မှာပါ"ဟု ညွှန်ကြားရေးမှူး ဦးဝင်းဇော်က ပြောသည်။ နစ်နာကြေးများ ပေးအပ်ရာတွင် စတင်ပြောင်းရွှေ့သည်နှင့် ၅၀ ရာခိုင်နှုန်း ကို ပေးအပ်မည်ဖြစ်ပြီး ကျန် ၅၀ ရာခိုင် နှုန်းကို ၂၅ ရာခိုင်နှုန်း နှစ်ခါခွဲပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့ရာတွင် နှစ်မည်မျှခြားမည်ကိုမူ ၎င်းက မပြောကြားခဲ့ပေ။ "အိမ်တွေကို တန်ဖိုးအလိုက် သတ် မှတ်ပြီးပေးမယ်။ ကိုယ့်အိမ် ကိုယ်ကိုယ် တိုင် ဆောက်ရမယ်။ လယ်ယာကိုင်းဖော် ထုတ်မှုအတွက် တစ်ဧကကို ကျပ် သုံးသိန်းနှုန်းနဲ့ တွက်ပေးထားတာပါ" ဟု ၎င်းက ပြောသည်။ ကျေးရွာများအတွက် လျှပ်စစ်မီးကို အိမ်ရှေ့အရောက် သွယ်တန်းပေးရုံသာ မက မီတာဘောက်စ်များပါ အခမဲ့ပေး မည်ဖြစ်ပြီး ရေရရှိရေးကိုလည်း ဆောင် ရွက်ပေးမည်ဟု ၎င်းက ပြောသည်။ "ကျွန်မတို့က မီတာခ သုံးနှစ်ကင်းလွတ် ခွင့်နဲ့ ရေရှိရေးကို ရွာတွေမပြောင်းခင် ရအောင်လုပ်ပေးဖို့ တောင်းဆိုထား ပါတယ်"ဟု ရွာကြီးကျေးရွာမှ မကြီးမ က ပြောသည်။ "ကုန်းတွေပေါ်မှာ ရွာတည်ပေးမှာ ဖြစ်တဲ့အတွက် ရေစုကန်တွေလုပ်ပေး မှာပါ။ မီတာခအခမဲ့ကတော့ ကျွန်တော့ အနေနဲ့ အပိုင်မပြောနိုင်ပါဘူး။ တစ်နိုင်ငံ လုံးမှာ မီးအလကားရတဲ့နေရာ မရှိပါ ဘူး"ဟု ဦးသောင်းဟန်က ပြောသည်။ ရွှေ့ပြောင်းရမည့် ကျေးရွာ ၂၃ ရွာ တွင် အိမ်ခြေ ၃,၀၀၀ နီးပါး၊ လယ်ဧက ၃,၀၀၀ နီးပါး၊ ကိုင်းဧက ၂,၅၀၀ ခန့်ရှိပြီး လူဦးရေ ၈,၀၀၀ ကျော်ရှိသည်ဟု ဒေသခံ များက ပြောသည်။ တစ်အိမ်ထောင်လျှင် လယ်ယာကိုင်း ခြောက်ဧက ပြန်လည်ဖော်ထုတ်ပေးရန်၊ လယ်ယာမြေသစ်များတွင် ကနဦးနှစ် များ၌ မူလလယ်ယာဟောင်းများထက် သီးနှံထွက်နှုန်း လျော့နည်းနိုင်သည့် အတွက် လျော့နည်းမှုအတွက် နစ်နာ ကြေးကို နှစ်ကာလအတိုင်းအတာတစ်ခု အထိ နိုင်ငံတော်က ထောက်ပံ့ပေးရန်၊ ဦးပိုင်ဂရန်မြေရရှိရေး ဆောင်ရွက်ပေး ရန်၊ နှစ်ရှည်သီးနှံများဖြစ်သည့် ကွမ်း၊ အုန်းသီးပင်များအတွက် ထိုက်သင့်သော ထောက်ပ့ံကြေးပေးရန်တို့ကို ဒေသခံ များက တောင်းဆိုထားသည်။ "ကျွန်မတို့ဆီက မြေဆီကောင်းတော့ ဓာတ်မြေဩဇာသုံးစရာမလိုဘဲ တစ်ဧက ကို စပါးတင်း ၈၀၊ ၁၀၀ ထွက်ပါတယ်" ဟု မကြီးမက ပြောသည်။ "တစ်အိမ်ထောင် လယ်ယာကိုင်း ခြောက်ဧကကတော့ ဒီနယ်မြေက မြေ ရှားပါးတဲ့အတွက် တော်တော်ဆွေးနွေး ရမယ့်ကိစ္စပါ"ဟု ညွှန်ကြားရေးမှူး ဦးဝင်းဇော်က ပြောသည်။ ရေနစ်မြုပ်မည့် လယ်ယာကိုင်းများ အတွက် ၁၀ နှစ်စာ သီးနှံလျော်ကြေးပေး ရန်နှင့် ရေမြုပ်ပြီးပေါ်လာသည့် လယ် ယာကိုင်းများကို လုပ်ကိုင် စားသောက် ခွင့်ပြုရန်တို့ကိုလည်း တောင်းဆိုထား ကြသည်။ "လယ်ယာမြေမရှိတဲ့ သူရင်းငှားတွေ အတွက် နိုင်ငံတော်က နှစ်နှစ်လောက် ထောက်ပံ့ကြေးပေးပြီး အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးဖို့ ပြောထားပါ တယ်"ဟု မကြီးမက ပြောသည်။ ဆည်ပိတ်ကာ ရေသိုလှောင်မှုများကို လည်း ကျေးရွာများရွှေ့ပြောင်းပြီးမှသာ လုပ်ဆောင်ရန် ဒေသခံများက တောင်း ဆိုထားပြီး အစိုးရဘက်မှလည်း လိုက် လျောခဲ့ကာ ၂၀၁၄ ခုနှစ်၊ မိုးဦးကျတွင် စတင်ပိတ်မည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် လျှပ်စစ်မီးစတင်ရရှိမည်ဟု ဦးဝင်းဇော် က ပြောသည်။ "အရွှေ့ခံရမှာ မပူပါနဲ့။ ကျွန်တော်တို့ က အားလုံးစိတ်ချမ်းသာအောင် လုပ်ပေး မှာပါ"ဟု ညွှန်ကြားရေးမှူး ဦးခင်မောင် ဇော်က သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို၊ ပြန်လည်ဖြေကြား ခဲ့သည်။
















