ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် မြန်မာ့ရိုးရာ လက်မှုပစ္စည်းများ၏ ရောင်းအားမှာ သိသိသာသာမြင့်တက်

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် မြန်မာ့ရိုးရာ လက်မှုပစ္စည်းများ၏ ရောင်းအားမှာ သိသိသာသာမြင့်တက်

နိုင်ငံခြားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် မြန်မာ့ရိုးရာ လက်မှုပစ္စည်းများအပေါ်
စိတ်ဝင်စားမှု ပိုမိုများပြားလာပြီး ရောင်းအားမှာလည်း မြင့်တက်လာကြောင်း ရိုးရာလက်မှု
ပစ္စည်းအရောင်းဆိုင်များက မြန်မာ တိုင်း(မ်)ကို ပြောသည်။

"အခုချိန်မှာ နိုင်ငံခြားခရီးသွား ဧည့်သည်တွေ အများကြီးဝင်ရောက်နေပြီ။  ဧည့်သည်အဝင်
များလာပြီဆိုတော့ ရောင်းအားကလည်း ပိုကောင်းလာပါတယ်။ ရိုးရာပစ္စည်းတွေကို စိတ်
၀င်စားသူတွေလည်း ပိုပြီးများလာတယ်" ဟု အောင်နန်းမြန်မာ့ရိုးရာလက်ဆောင် ပစ္စည်း
အရောင်းဆိုင်မှ  မန်နေဂျာ ဦးမူက ပြောသည်။

နိုင်ငံခြားခရီးသွားများမှာ မြန်မာ့ရိုးရာ ပစ္စည်းများကို မြတ်နိုးတန်ဖိုးထားစုဆောင်းတတ်ကြ
ကြောင်း၊ ယခုအခါ နိုင်ငံခြားဧည့်သည်များသာမက မြန်မာတို့က ရိုးရာပစ္စည်းများဖြင့် အိမ်
တွင်း အလှဆင်မှုများကို ပိုမိုပြုလုပ်လာကြ သဖြင့် ရောင်းအားမှာလည်း ယခင်နှစ်ထက် ၃၀
ရာခိုင်နှုန်းပိုမို မြင့်တက်လာကာ မိမိတို့၏ နိုင်ငံအလိုက် ကြိုက်နှစ်သက်သော ပစ္စည်းအမျိုး
အစားများမှာ ပြောင်းလဲသွားကြောင်းပြောသည်။

" ပြင်သစ်က ရုပ်သေးကို ကြိုက်တယ်၊ ဩစတြေးလျက ချည်ထည်တွေ၊ နွားခလောက်လေး
တွေကို ကြိုက်တယ်။ ထိုင်းကဆိုရင်လည်း ပန်းပုကို အများဆုံး ကြိုက်ကြတယ်။"ပန်းပု၊
ရွှေချည်ထိုးကား၊ ရုပ်သေး နဲ့ ယွန်းထည်ကတော့ အရောင်းရဆုံးပဲ" ဟုKing Mindon
အမှတ်တရ ပစ္စည်းအရောင်းဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရိုးရာပစ္စည်းများမှာ ရုပ်သေးတစ်ရုပ် လျှင် ကျပ် ၅,၀၀၀ မှ ၁၀,၀၀၀၊ ရွှေချည် ထိုးကားတစ်ကား
လျှင် ကျပ် ၁၀,၀၀၀မှ ကျပ် ၈၀,၀၀၀ ထိ အရည်အသွေးပေါ် မူတည်၍ ဈေးနှုန်းများပြောင်းလဲ
သွား ကြောင်း၊  နောက်ပိုင်းတွင် ရိုးရာပစ္စည်း များကို ခေတ်နှင့်အညီ ဒီဇိုင်းများ ဆန်းသစ်
တီထွင်လာကြကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

"ရိုးရာလက်မှု ဆိုပေမယ့်လည်း လက်ရာတွေက ရှေးခေတ်ဒီဇိုင်းဆို သိပ်မကြိုက်ကြဘူး။
နောက်ပိုင်းမှာ ရိုးရာ မပျက်ဆန်းသစ်အောင် ခေတ်သစ် မော်ဒန်ဒီဇိုင်းနဲ့ ပေါင်းစပ်ပုံဖော်တာ
တွေ လုပ်လာကြတော့ လူကြီး၊ လူငယ် စိတ်ဝင်စားမှု ရလာပါတယ်။ တချို့တွေက ပုံတူ
ပေးပြီး ရွှေချည်ထိုးကားလေးတွေထိုးခိုင်းတာလည်းရှိတယ်"ဟု အောင်နန်းမှ မန်နေဂျာ ဦးမူ
က ပြောသည်။

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ အလည်အပတ် သွားသူများကလည်း ရိုးရာ လက်ဆောင်
ပစ္စည်းများကို အမှတ်တရလက်ဆောင်ပေးရန် ၀ယ်ယူသွားသူများလည်းရှိကြောင်း
သိရသည်။

"ကျွန်မတို့ဆီမှာက ရိုးရာပစ္စည်း အမျိုးပေါင်း ၂၀ ကျော်လောက်ရှိတယ်။ အများစုက မန္တလေး
ကျုံးပုံကို ကျောက်စီ ပြီးပုံဖော်ထားတဲ့ ပန်းချီကားကို တော်တော်ကြိုက်ကြတယ်။ ကြိမ်ထည်၊
ယွန်းအစ်၊ ကြေးနဲ့လုပ်ထားတဲ့ ပစ္စည်း လေးတွေလည်း ရောင်းအားကောင်းတယ်။ ကျောက်စိမ်း
ပစ္စည်းတွေကိုလည်း တရုတ်နဲ့ ထိုင်းက အရမ်းကြိုက်တယ်" ဟု King Mindon မှ တာဝန်
ရှိသူတစ်ဦးက ပြောသည်။

အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများသည် ဧည့်သည်အလာများသောလများဖြစ်ကြောင်း၊
မန္တလေးမြို့တွင် ရိုးရာပစ္စည်းများကို အလုပ်ရုံများထားရှိ၍ ကိုယ်တိုင်ထုတ်လုပ်ရောင်းချသည့်
ဆိုင်ကြီးပေါင်း သုံးဆိုင်ခန့်သာရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး