အင်န်အယ်လ်ဒီညီလာခံ ဗဟိုကော်မရှင်က ပါတီဝင်ရှစ်ဦး ပါတီဝင်အဖြစ်မှ ရပ်ဆိုင်းခဲ့ရာ ပြန်ရှင်းနိုင်ရန်ကြိုးပမ်း

အင်န်အယ်လ်ဒီညီလာခံ ဗဟိုကော်မရှင်က ပါတီဝင်ရှစ်ဦး ပါတီဝင်အဖြစ်မှ ရပ်ဆိုင်းခဲ့ရာ ပြန်ရှင်းနိုင်ရန်ကြိုးပမ်း

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန် မြို့နယ်မှ အင်န်အယ်လ်ဒီပါတီဝင် ရှစ်ဦး အား အဖွဲ့ချုပ်
အတွင်း စည်းလုံးမှုပြိုကွဲ စေရန်နှင့် ညီလာခံကျင်းပရေးကို  နှောင့်နှေးစေရန် ရည်ရွယ်
လုပ်ဆောင် သည်ဟုသတ်မှတ်ပြီး ဗဟိုညီလာခံ ကျင်းပရေးကော်မရှင်က ပါတီဝင်အဖြစ်
ရပ်ဆိုင်းခဲ့ရာ အဆိုပါအဖွဲ့ဝင်များက အဖွဲ့ချုပ်သို့သွားရောက်ကာ ပြန်လည် ရှင်းလင်း
တင်ပြနိုင်ရေး ကြိုးပမ်းခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် အင်န်အယ်လ်ဒီပါတီအဖွဲ့ချုပ် ရပ်/ကျေး ညီလာခံများကျင်းပရာ
တွင် ဦးကိုကိုအောင် ဦးဆောင်သောအုပ်စု၏ ခြိမ်းခြောက်အနိုင်ကျင့်မှုများ ရှိခဲ့ကြောင်းနှင့်
အရေးယူပေးရန် ခရိုင် ညီလာခံကျင်းပရေးကော်မရှင်၊ အတွင်းရေးမှူးက  တိုင်းညီလာခံ
ကျင်းပရေးကော်မရှင်ဥက္ကဋ္ဌထံသို့ ပြီးခဲ့သော ဒီဇင်ဘာလ ၂၃ ရက်စွဲဖြင့် တိုင်ကြားခဲ့သည်။

ယင်းကိုဗဟိုသို့ ဆက်လက်တင်ပြမှုအရ ညီလာခံကျင်းပရေးဗဟိုကော်မရှင်က တိုင်ကြား
ခံရသူ အဖွဲ့ဝင်ရှစ်ဦးအား အဖွဲ့ဝင်ဖြစ်မှုကို ဗဟိုညီလာခံ ကျင်းပပြီးချိန်အထိ ရပ်ဆိုင်းလိုက်
ကြောင်း ဒီဇင်ဘာလ ၂၈ ရက်ကကျင်းပသည့် ဗဟိုညီလာခံ ကျင်းပရေးကော်မရှင်၏
အစည်းအဝေး ဆုံးဖြတ်ချက်အရ ကြေညာခဲ့သည်။

သို့ဖြင့် ကြေညာခံရသူများထဲမှ ဦးကိုကိုအောင်၊ ဦးဝင်းလှိုင်နှင့် ဦးကျော်ကျော်နိုင်တို့သုံးဦးက
ဇန်နဝါရီလ ၃ ရက် နေ့တွင် အဖွဲ့ချုပ်ရှိရာ ရန်ကုန်သို့သွားရောက်ကာ ၎င်းတို့ဘက်မှ
အဖြစ်မှန်ကို ပြန်လည်တင်ပြခွင့်ရရေး ကြိုးပမ်းခဲ့ကြကြောင်း သိရသည်။

"ကျွန်တော်တို့အနေနဲ့ ခြိမ်းခြောက်တာ၊ အုပ်စုဖွဲ့အနိုင်ကျင့်တာ တစ်ခုမှမရှိ ခဲ့ပါဘူး။ တစ်ဖက်
ကတိုင်ရင် တစ်ဖက်ကို ခေါ်ပြီး မေးမြန်းတာမျိုးလုပ်သင့်ပေမယ့် လုံးဝမလုပ်ဘဲ ဒီလိုတစ်ဖက်
သတ် ဆုံးဖြတ်ချက်ချခဲ့တာဟာလည်း မလုပ် သင့်ပါဘူး။ ဒါက ပါတီဝင်တွေရဲ့ယုံကြည်မှုကိုပါ
ကျဆင်းစေပါတယ်။ ဒါကြောင့် ဒီပြဿနာနဲ့ပတ်သက်ပြီး ဗဟိုညီလာခံ ကျင်းပရေးကော်မရှင်
က တာဝန်ရှိသူတွေကို ကျွန်တော်တို့လာရှင်းပြပါတယ်။

"တာဝန်ရှိသူတွေက ဒီပြဿနာကို အောက်ခြေအထိ ဆင်းစုံစမ်းပြီးဖြေရှင်းမယ်။ မြို့နယ်
ညီလာခံ ဆက်မကျင်းပဘဲ ရပ်ဆိုင်းထားမယ်လို့ အစကပြောပေ မယ့် ဒီနေ့ကျတော့
တိုင်းကတိုင်ကြား ချက်ကိုပဲ ယုံကြည်လက်ခံမယ်လို့ပြော ပြန်တာကြောင့် ကျွန်တော်
တို့အနေနဲ့ အခက်အခဲကြုံရပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ပြီး
တင်ပြနိုင်ဖို့ ဆက်ကြိုးစားနေပါတယ်"ဟု ဦးကိုကိုအောင်က ယခုလ ရ ရက်နေ့က
ပြောသည်။

၎င်းအပါအဝင် အဖွဲ့ဝင်အဖြစ် ရပ်ဆိုင်းခြင်းခံရသော ရှစ်ဦးတွင် ခုနစ်ဦးမှာ မကြာမီက ကျင်းပ
ပြီးစီးခဲ့သော ရပ်/ ကျေးညီလာခံများတွင် မြို့နယ် ကိုယ်စားလှယ်များအဖြစ် ပါတီဝင်ထု၏
ထောက်ခံချက်ဖြင့် ရွေးချယ်ခံထားရကြောင်း ၎င်းက ပြောသည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် ပြီးခဲ့သော ၂၀၁၂၊  နိုဝင်ဘာလ နောက်ဆုံးပတ်မှစ၍ ရပ်/ကျေး
ညီလာခံများကို ကျင်းပခဲ့ရာ  ၁၆ ရပ်ကွက်ရှိရာတွင် ဒီဇင်ဘာလ အတွင်း ၁၄ ရပ်ကွက်
ကျင်းပပြီးစီးခဲ့ကြောင်း၊ မြို့နယ်ကိုယ်စားလှယ်အဖြစ် ၆၅ ဦး ရွေးချယ်နိုင်ခဲ့ကြောင်း
ဆက်လက်ပြောသည်။

အဆိုပါမြို့နယ်အတွင်း ရပ်/ ကျေးညီလာခံမကျင်းပမီ ညီလာခံ ကျင်းပရေးကော်မရှင် ဖွဲ့စည်း
စဉ်ကပင် ဒီမိုကရေစီနည်းလမ်းမကျဟူသည့် ပဋိပက္ခများရှိခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး