စိုက်ပျိုးသီးနှံများနှင့် နေ့စဉ်စားသုံးရသည့် အစားအစာများတွင် ပိုးသတ်ဆေးကြောင့် စားသုံး
သူများ ကင်ဆာရောဂါ နှင့် ဘေးထွက်ဆိုးကျိုးဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန် အော်ဂဲနစ်စိုက်ပျိုး
နည်းစနစ်အသုံးပြုရန် ပိုမိုလိုအပ်လာ ပြီဖြစ်ကြောင်း မန္တလေးတက္ကသိုလ်၊ ဇီဝ နည်းပညာဌာနမှ
ဧည့်ပါမောက္ခတစ်ဦး က ပြောကြားသည်။
ပိုးသတ်ဆေးများ နေရာတိုင်းတွင် အသုံးပြုမှုမှာ ကြောက်ခမန်းလိလိ တိုးမြင့်နေပြီး လူနှင့်
တိရစ္ဆာန်တို့၌ ကင်ဆာရောဂါနှင့် ဘေးထွက်ဆိုးကျိုး ဖြစ်ပေါ်မှုများ ပိုမိုပြသနေပြီဖြစ်သော
ကြောင့် အဆိုပါဆိုးကျိုးများကို ဖြေရှင်းနိုင်ရေးအတွက် ဇီဝမြေဩဇာ ပြုပြင်စိုက်ပျိုးသည့်
အော်ဂဲနစ်စိုက်ပျိုး နည်းစနစ်ဖြင့် ကုစားနိုင်မည်ဖြစ် ကြောင်း မန္တလေးနည်းပညာတက္ကသိုလ်
ဇီဝနည်းပညာဌာနမှ ဧည့်ပါမောက္ခ ဒေါက်တာသန်းသန်းစိန်က ပြောသည်။
"ပိုးသတ်ဆေးဓာတ်ကြွင်းတွေကြောင့် လူတွေလည်းခံစားနေရသလို တိရစ္ဆာန်ဖြစ်တဲ့နွားလေး
တွေဆိုရင်လည်း အင်္ဂါမစုံဘဲ မွေးလာတာတွေရှိလာပြီ။ စိုက်ပျိုးတဲ့သူတွေက ပိုးသတ်ဆေး
သုံးသလို စားသုံးကုန်ထုတ်တဲ့သူ တွေကလည်း ကြာရှည်ခံဆေးတွေ၊ ဆိုးဆေးတွေသုံးနေတာ
အရမ်းကြောက် စရာကောင်းပါတယ်။ အဓိကတော့စားကောင်းအောင်ဆိုပြီး လုပ်ကြတာ
ပေါ့။ ဥပမာအားဖြင့် မိန်းကလေးတွေ အများဆုံးစားတဲ့ အချဉ်ထုတ်တွေ၊ ၀က်သားတုတ်ထိုး
အချဉ်တွေဆို နီရဲ နေတာကြည့်ရင် သိသာပါတယ်။
"ဆိုးဆေးကြောင့် အစာအဆိပ်သင့် ခဲ့တဲ့ ဥပမာတွေလည်း ရှိပါတယ်။ အမရပူရမြို့နယ်က
အလှူတစ်ခုမှာ အလှူမှာ ကျွေးမယ့်ကြက်သားကို ဆိုးဆေးထည့်တဲ့ဒယ်အိုးထဲ ထည့်ချက်
လိုက်တဲ့အတွက် အလှူလာစားတဲ့သူ အယောက် ၃၀၀ ဆေးရုံတင်လိုက်ရတာကတော့
သင်ခန်းစာယူစရာတစ်ခုပါ"ဟု ၎င်းက ပြောသည်။
အော်ဂဲနစ်ဆိုသည်မှာ သက်ရှိများ၏ ဇီဝရုပ်ကြွင်းများဖြင့် ပြုလုပ်ထားသော နည်းစနစ်ဟူ၍
အဓိပ္ပာယ်ရပြီး၊ အော်ဂဲနစ်စိုက်ပျိုးရေး၏ အဓိက စည်းမျဉ်းမှာ စားသုံးသူကျန်းမာရေး၊ မြေဆီလွှာ
ကျန်းမာရေး၊ အိမ်မွေး တိရစ္ဆာန်ကျန်းမာရေးနှင့် ထုတ်လုပ် လိုက်သည့်သီးနှံများ ကျန်းမာ
သန်စွမ်း လတ်ဆတ်သည့်သီးနှံများ ဖြစ်ပေါ်စေရေးအတွက် အဓိကထားသည့် စိုက်ပျိုးရေး
နည်းစနစ်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
"အော်ဂဲနစ် စိုက်ပျိုးရေးနည်းစနစ်က ဓာတ်မြေဩဇာ လုံးဝမသုံးပါဘူး၊ ဒါကြောင့်သက်ရှိတွေက
ရတဲ့ ဓာတ်ပေါင်းတွေကို အပင်စိုက်ပျိုးရေးတွေမှာ မြေဩဇာအနေနဲ့သုံးမယ်၊ ပိုးသတ်ဆေး
အနေနဲ့သုံးမယ်၊ ရွက်ဖျန်းဆေးအနေနဲ့သုံးမယ်ဆိုရင် ဒီစိုက်ပျိုးရေးက အော်ဂဲနစ်စိုက်ပျိုးရေးပါ"
ဟု ၎င်းကဆက်လက်ပြောကြားသည်။
တောင်သူများကိုလည်း သဘာဝမြေ ဩဇာ ကိုယ်တိုင်ပြုလုပ်သုံးစွဲရေး၊ ပျက်စီးသွားသည့်
မြေဩဇာများကို အော်ဂဲနစ်မြေဩဇာဖြင့် ပြန်လည်ပြုပြင်နိုင်သည်ဆိုသော အသိပညာများ၊
နည်းပညာများ ဖြန့်ဖြူးပေးရေးများ ဆောင်ရွက်ရန် လိုအပ်ကြောင်း ဒေါက်တာသန်းသန်းစိန်က
ပြောသည်။
"တောင်သူတွေကို ပညာပေးဖို့ အများကြီး လိုအပ်နေပါသေးတယ်။ ပိုးသတ်ဆေးဖျန်းရင်လည်း
ဆေးကိုတစ်ဆ ဖျော်ပြီးဖျန်းပါဆိုလည်း နှစ်ဆလောက်ဖျော်ကြတယ်။ သီးနှံကို ပိုးသတ်ဆေး
မဖျန်းရင် ပိုက်ဆံဘယ်လောက်ရမလဲ၊ ဖျန်းရင် ဘယ်လောက်ကုန်ပြီး ဘယ်လောက် ပြန်ရမလဲ
တွက်ဖို့တွေ ပညာပေးရတယ်။
"တောင်သူကတော့ သူတို့စိုက်ခင်းထဲကပိုးတွေ သေဖို့လောက်ပဲစဉ်းစား ကြတယ်။ အသိပညာ
ပေးဖို့ကလည်း မြန်မာနိုင်ငံလူဦးရေ ၈၀ ရာခိုင်နှုန်း က လယ်သမားတွေဖြစ်တဲ့အတွက် သွားရ
မယ့်နေရာတွေ အများကြီးကျန်ပါသေးတယ်" ဟု ၎င်းက ပြောသည်။
လွန်ခဲ့သည့်နှစ်ပေါင်း ၅၀ ခန့်က အစိမ်းရောင်တော်လှန်ရေးကာလတွင် ကမ္ဘာ့လူဦးရေ များပြား
လာသည်နှင့်အမျှ စိုက်ပျိုးထုတ်လုပ်မှု ပိုမိုလိုအပ်လာသော ကြောင့် အထွက်တိုးရေးအတွက်
မြေဩဇာနှင့် ပိုးသတ်ဆေး ပိုမိုအသုံးပြု လာကြပြီးနောက်ပိုင်းတွင် သတိမပြုမိခဲ့သည့် အချက်
နှစ်ချက်ဖြစ်သော စားသုံးသူကျန်းမာရေးနှင့် သုံးစွဲလုပ်ကိုင်နေရသည့် ဂေဟစနစ်များပျက်စီးမှုတို့
မှာ အရေးကြီးဆုံးအခန်းကဏ္ဍသို့ ရောက်ရှိလာခဲ့ကြောင်း ဒေါက်တာသန်းသန်းစိန်က ပြောသည်။
"ဒီကိစ္စတွေဟာ တော်တော်ဆိုးဆိုး ရွားရွားဖြစ်လာတော့မှ နောက်ပိုင်းမှာပြန်လည်ထိန်းချုပ်ဖို့
ကြိုးပမ်းလာကြပါတယ်။ ဒီအစိမ်းရောင်တော်လှန်ရေးရဲ့ဆိုးကျိုးတွေကိုကုစားဖို့ ပေါ်လာတဲ့
စိုက်ပျိုးနည်းစနစ်ကို အော်ဂဲနစ်စိုက်ပျိုး နည်းစနစ်လို့ ခေါ်ပါတယ်"ဟု ၎င်းက ပြောသည်။















