ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ်၊ သဲဟင်း ကျဲရွှေမှော်တွင် ရွှေမျောတိုက်လုပ်ကိုင် နေသော လုပ်သား
များမှာ ရွှေမျောတိုက် စက်အသုံးပြုခ ပေးဆောင်ရာ၌ အသင်းနှစ်ခုဖြစ်နေသောကြောင့်
အခက်တွေ့ နေကြကြောင်း ရွှေမျောလုပ်သားများက ပြောသည်။
အဆိုပါအသင်းနှစ်ခုမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တပ်မတော် အထူးမသန်စွမ်း
စီမံကိန်းဝင် စစ်သည် ဟောင်းများနှင့် စီးပွားရေးပညာရှင် များ၏(အောင်နိုင်သူ) စက်မှုစိုက်ပျိုး
မွေးမြူရေးနှင့် အထွေထွေကုန်ထုတ် လုပ်ငန်း သမဝါယမအသင်းလီမိတက် အသင်းနှင့် ကွန်း
သီရိကုမ္ပဏီတို့ဖြစ် ကြောင်း လုပ်သားများက ဆိုသည်။
"အောင်နိုင်သူအသင်းကလည်း ပေါ်လာတာ သိပ်မကြာသေးဘူး။ အသင်းဝင်ကြေးကို အားလုံး
အပြည့် မသွင်းကြသေးဘူး။ အခုနောက်ထပ် ကွန်းသီရိ ကုမ္ပဏီဆိုပြီးပေါ်လာတယ်။ ဒီကုမ္ပဏီ
ကိုလည်းထပ်ပေးရမယ် ဆိုပြီး ပြောတယ်။ ကုမ္ပဏီနှစ်ခုကို ငွေသွင်းရမယ်ဆိုရင် ကျွန်တော်တို့
ဘဝရပ်တည် ဖို့အတွက် မဖြစ်နိုင်တော့ပါဘူး"ဟု သဲဟင်းကျဲရွှေမှော်မှ ရွှေမျောတိုက် လုပ်ကိုင်
သူ ဦးရွှေဘက ပြောသည်။
ရွှေမျော လုပ်ကိုင်ခွင့်တောင်းရာတွင် ကုမ္ပဏီများကို တစ်နှစ်လျှင် ခြောက်လုံး ထိုးအင်ဂျင်စက်
တစ်လုံး ကျပ်နှစ်ဆယ့် တစ်သိန်း၊ လေးလုံးထိုးစက်တစ်လုံး ကျပ်တစ်ဆယ့်ရှစ်သိန်း၊ နှစ်လုံး
ထိုးစက်တစ်လုံး ကျပ်တစ်ဆယ့် ခြောက်သိန်း၊ တစ်လုံး ထိုးစက်တစ်လုံး ကျပ်ရှစ်သိန်းထိပေး
ဆောင်ရပြီး လစဉ်ကြေးအဖြစ် ခြောက်လုံးထိုး တစ်လုံး ခြောက်သောင်းငါးထောင်၊ လေးလုံးထိုး
တစ်လုံး ငါးသောင်းငါးထောင်၊ နှစ်လုံးထိုးတစ်လုံး ကျပ်လေးသောင်းနှင့် တစ်လုံးထိုးစက်တစ်လုံး
ကျပ်သုံးသောင်းငါးထောင်ထိ ကွန်းသီရိ ကုမ္ပဏီကို ထပ်မံ ပေးဆောင်ရမည်ဖြစ်ကြောင်း ရွှေ
လုပ်သားများက ဆိုသည်။
ထိုသို့ ပေးဆောင်ခြင်းမရှိသော လုပ်သားများအား ဖမ်းဆီးချုပ်နှောင်ခြင်း များရှိခဲ့ကြောင်း
ကိုယ်တွေ့ကြံု ခဲ့ရသော လုပ်သားတစ်ဦးက ပြောသည်။
"ပထမဦးဆုံးအသင်းထက် နောက်ပေါ်လာတဲ့ ကုမ္ပဏီကို ပေးရတာ နှစ်ဆများတယ်။ အရင်
အသင်းမှာပဲ ငွေသွင်းရတာ အဆင်ပြေတယ်။ နောက်ပေါ်လာတဲ့ ကုမ္ပဏီက စစ်တပ်နဲ့ပတ်သက်
နေတယ်ကြားတယ်။
"ကျွန်တော်တို့ကို ဖမ်းဆီးပြီး ရိုက်နှက်တယ်။ မန္တလေးဆေးရုံမှာ အချိန်ကြာကြာ ဆေးကုလိုက်
ရတယ်။ မိုင်းကိုင် ရဲစခန်း မှာ အမှုဖွင့်တော့လည်း ဘာမှအကြောင်း ထူးမလာဘူး။
"ဒီအကြောင်းတွေကို သမ္မတဆီကိုလည်း ပို့ထားတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့
ကော်မရှင်နဲ့ ကာကွယ်ရေး ဦးစီးချုပ်ကိုလည်း တရားဝင်စာပေးပို့ တင်ပြထားတယ်"ဟု ရိုက်နှက်
ခြင်းခံရသူ ကိုစန်းလွင်က ပြောသည်။
သဲဟင်းကျဲရွှေမှော်မှ အောင်နိုင်သူ သမအသင်း တာဝန်ရှိသူအားဆက် သွယ်မေးမြန်းရာ
"ကျွန်တော်တို့အသင်း က ဘယ်လောက် ငွေသွင်းရမယ်ဆိုတာ ကိုတော့ သတ်မှတ်ထားတာ
မရှိပါဘူး။တတ်နိုင်တဲ့ အခြေအနေပေါ်မှာပဲ ယူတာပါ။ အသင်းဝင်အနေနဲ့ ခြောက်ဆယ်
ကျော်လောက်တော့ရှိနေတယ်။
"ကျွန်တော်တို့ဆီမှာ အသင်းဝင်ဖို့ အတွက်ကိုလည်း ကျေးရွာအုပ်ချုပ်ရေးမှူး ကိုယ်တိုင်ပဲ
ပြောတယ်။ အခုနောက် တစ်ခုပေါ်လာတော့လည်း လုပ်သားတွေကို အဲဒီအသင်းမှာ အသင်း
၀င်ဖို့ပဲ ထပ်ပြောပါတယ်။
"ကျွန်တော်တို့ သမအသင်းက တရားဝင်မှတ်ပုံတင်ထားပြီး ဆောင်ရွက်တဲ့ အသင်းဖြစ်ပါတယ်"
ဟု ပြောသည်။
ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အခြား အသင်းထံသို့လည်း အလားတူ ဆက်သွယ်မေးမြန်းခဲ့ရာ
ဆက်သွယ်မှု အဆင်မပြေဘဲ ၎င်းတို့၏ သဘောထားများကို သိရှိတင်ပြခွင့်မရခဲ့ချေ။















