နွားကန်၍ ကလေးငယ်သေဆုံး

နွားကန်၍ ကလေးငယ်သေဆုံး

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်တွင် အသက်ကိုးနှစ် အရွယ်ရှိ ကလေးငယ်
တစ်ဦး နွားကန်ခံရသဖြင့်သေဆုံးကြောင်း သိရသည်။

အဆိုပါကလေးငယ်မှာ ချမ်းမြသာ စည်မြို့နယ်ရှိ (အ-လ-က ၂၄) ကျောင်း၊ ပထမတန်းတွင်
ပညာသင်ကြားပြီး ကျောင်းချိန် ပြင်ပတွင်လည်း သဒ္ဓါ ပညာရေး ပရဟိတကျောင်း၌ ပညာ
သင်ကြားနေသော ကလေးငယ် ဖြစ်သည်။

"ဒီလ တစ်ရက်နေ့ည သုံးနာရီ  ရပ် ကွက်တွေထဲမှာ ကျောင်းနေတဲ့ နွားကန်ခံရတာ။ ကလေးက
မေ့သွားတယ်။ ဆေးခန်းကိုသွားပြီး ဆေးထိုးရတယ်။ ပိုင်ရှင်နဲ့ မတွေ့ရဘူး။ ကိုယ်စားလှယ်နဲ့ပဲ
တွေ့ရတယ်။ ကလေးမေးရိုးကျိုးသွားတယ်။

"ကုတင် (၃၀၀)မှာ ဆေးကုနေရင်း ကလေးက ဆုံးသွားတယ်။ နွားပိုင်ရှင်ဘက်က ဆောင်ရွက်
ပေးတာမျိုးမရှိဘူး။ နာရေးကိုလည်း ကိုယ်တိုင်ပဲ လုပ်နေရတယ်"ဟု ကလေးငယ်၏ အဖွားဖြစ်သူ
ဒေါ်မဲတူက ပြောသည်။

ကလေးငယ် သေဆုံးမှုကို သက်ဆိုင်ရာ အောင်ပင်လယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထား
ကြောင်း သဒ္ဓါပညာရေးပရဟိတကျောင်းမှ တာဝန်ခံ ဦးဘုန်းမြင့်ဇော်က ပြောသည်။

"ဆေးရုံကနေ သယ်ခွင့်ပြုတာ ပုံမှန်သေတဲ့ပုံစံမျိုးဖြစ်နေတယ်။ ဒါကြောင့် ကလေးကို ဆေးရုံကို
ပြန်ခေါ်သွားပြီး စစ်ဆေးပေးဖို့ ပြောတော့လည်း အားလုံးစစ်ဆေးပြီးသားဆိုပြီးတော့ပြောတယ်။

"သက်ဆိုင်ရာ ရဲစခန်းကိုတော့ အမှု ဖွင့်ထားတယ်။ ကလေးနဲ့ သက်ဆိုင်တဲ့ ဓာတ်မှန်တွေ
ဆေးစာရွက်တွေကလည်း အကြောင်းအမျိုးမျိုးကြောင့် ပျောက်နေတယ်။ ဆေးရုံတက်တဲ့
စာအုပ်မှတ်တမ်း တစ်ခုပဲ ရှိတယ်"ဟု ဦးဘုန်းမြင့်ဇော်က ဆက်လက်ပြောသည်။

ကလေးငယ်၏ မိဘမှာ ကြံုရာ ကျပန်းအလုပ်များ လုပ်ကိုင်ရင်း အသက်မွေး ၀မ်းကျောင်း
နေရကြောင်းသိရသည်။ အဆိုပါနေရာများတွင် ကလေးငယ် များမှာ မကြာခဏ နွားကန်
ခံရသည့် အတွက် ခေါင်းပေါက်ခြင်း၊ ခြေလက်ကျိုးခြင်း၊ မေ့မျောခြင်းများ မကြာခဏ
ဖြစ်တတ်ပြီး လူသေဆုံးမှုမှာမူ ယခုအကြိမ်မှာ  ပထမဦးဆုံးဖြစ်သည်။

၎င်းနေရာများတွင်နွားများကို စည်း ကမ်းမဲ့ လွှတ်ကျောင်းထားသည့်အတွက် ယခုဖြစ်ရပ်
နည်းတူ  ဆက်လက်ဖြစ်ပေါ်မည်ကို ပတ်ဝန်းကျင် အနီးတစ်ဝိုက်မှ မိဘများ စိုးရိမ်နေကြ
ကြောင်း ဒေသခံများက ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး