မန္တလေးစာပေအနုပညာရှင်၊ သတင်း သမားများဦးစီးပြီး ငလျင်သင့်ဒေသကူညီနိုင်ရန် ရန်ပုံငွေ
ဂီတပွဲတော် ကျင်းပ ရာမှရရှိသည့် အလှူငွေများကို ပညာရေး ကဏ္ဍအတွက် အဓိကထား
အသုံးပြုရန် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
"ရရှိထားတဲ့အလှူငွေတွေကို ပညာ ရေးဘက်မှာ အဓိကထားလှူဒါန်းသွားမယ်။ "စာသင်ကျောင်း
ဆောက်တာ၊ စာသင်ကျောင်းမှာ လိုအပ်တဲ့စာရေး စားပွဲတွေ၊ ပညာရေးအတွက် ငွေပဒေသာ
ပင်စိုက်တာတွေ ပညာရေးနဲ့ ပတ် သက်တာတွေကို လှူဒါန်းသွားမှာပါ။တိုင်းဒေသကြီး အစိုးရ
အဖွဲ့ကိုလည်း လိုအပ်တဲ့အကူအညီ တောင်းခံသွားမှာပါ"ဟု မော်ဒန်ဂျာနယ်မှ မန္တလေး
အယ်ဒီတာ ကိုစန်းယုကျော်က ပြောသည်။
မန္တလေးတိုင်း ဒေသကြီးအတွင်း ငလျင်ဒဏ်ခံဒေသများသို့ ကိုယ်တိုင် ကိုယ်ကျသွားရောက်ပြီး
လိုအပ်နေသည့် နေရာများကိုလည်း လေ့လာသွားမည်ဖြစ်ကြောင်းသိရသည်။
"ကျွန်တော်တို့တွေ ကိုယ်တိုင်သွား ကြပြီးလေ့လာကြမယ်။ တကယ်လိုအပ်တဲ့ဒေသတွေမှာ
ရရှိလာတဲ့အလှူငွေတွေ နဲ့ပညာရေးကို ကူညီသွားမှာဖြစ်သလို တခြားအလှူရှင်တွေက
လှူထားတဲ့ ပစ္စည်းတွေကိုလည်း သွားရောက်လှူဒါန်း ပေးသွားမှာပါ။ Crown ဘိလပ်မြေက
ဆန်အိတ်အပိုင်းနှစ်ရာကိုလည်း လှူထားတယ်။ အလှူငွေအားလုံး သိန်းနှစ်ရာကျော်ရတယ်"ဟု
7 Day News သတင်းဂျာနယ် မန္တလေးသတင်းထောက် ကိုညီညီဇော်က ပြောသည်။
ငလျင်ဒေသကူညီရန် ကျင်းပခဲ့သည့် ရန်ပုံငွေဂီတပွဲတော်ကို ဇန်နဝါရီ ၅ ရက်နေ့တွင်
အမျိုးသားကဇာတ်ရုံ၌ ကျင်းပ ခဲ့ရာ မြို့မတေးဂီတနှင့်အတူ နိုင်ငံကျော် အဆိုတော်များ၏
တေးသီချင်းဖျော်ဖြေမှု၊ ပွဲတိုင်းကျော်ဇာတ်ပွဲ၊ မင်းသမီး တွယ်တာတုံ၊ မိုးဟေမာန် ၊ လူရွှင်တော်
ပေါစိန်၊ ထင်ပေါ်၊ ချစ်စရာ၊ ချိုတူးနှင့် သာလောင်တို့၏ အငြိမ့်ခန်းတို့ကို မေတ္တာဖြင့် တင်ဆက်
ဖျော်ဖြေခဲ့ကြပြီး၊ မန္တလေးလူငယ်သတင်းထောက်များက အဖွင့်သီချင်းသီဆိုခြင်းနှင့်
တစ်ခန်းရပ် ပြဇာတ်တို့ဖြင့် ဧည့်ခံဖျော်ဖြေခဲ့သည်။
ငလျင်ဒေသကို ကူညီရန် မန္တလေးမြို့ စီးပွားရေးလုပ်ငန်းရှင်များကလည်း ကူညီပံ့ပိုးပေးခဲ့သည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် နေ့က မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း မြို့အနီးကို
ဗဟိုပြုလှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ဘုရားစေတီပုထိုးများ၊ ဘုန်းကြီးကျောင်းများ၊ လူနေ
အိမ်များ၊ စာသင်ကျောင်းများနှင့် အခြားအဆောက်အအုံများ ပျက်စီးခဲ့ရသည်။
အဆိုပါ ပျက်ဆီးဆုံးရှုံးမှုများကို နိုင်ငံတော်အစိုးရက ပြန်လည်နေရာချ ထားရေးနှင့် ထူထောင်
ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ စဉ့်ကူးမြို့ အတွက် ၁၇ ရာခိုင်နှုန်း၊ သပိတ်ကျင်း
မြို့အတွက် ခုနစ်ရာခိုင်နှုန်းထိသာ ဆောင်ရွက်နိုင်သေးကြောင်းသိရသည်။
ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁၀ ဦး၊ဒဏ်ရာရရှိသူ ၈၂ ဦးရှိခဲ့ပြီး စဉ့်ကူး မြို့နယ်တွင် အိမ်
၈၆၆ လုံး၊ သပိတ်ကျင်း မြို့နယ်၌ အိမ် ၈၄၉ လုံးထိ ပျက်စီးခဲ့ရသည်။
ငလျင်ဒဏ်ခံဒေသ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေ ကျပ် ၄,၃၂၄ သိန်း၊ အမေရိကန်
ဒေါ်လာ ၁၇၁,၀၀၀ နှင့် အက်ဖ်အီးစီ ၅၀,၀၀၀ ထိ ရရှိထားပြီဖြစ်ကြောင်း တိုင်းဒေသကြီး
အစိုးရအဖွဲ့ထံမှ သိရသည်။















