ပွင့်လင်းမြင်သာလာ၍ နိုင်ငံရေးစာအုပ်များ အရောင်းသွက်

ပွင့်လင်းမြင်သာလာ၍ နိုင်ငံရေးစာအုပ်များ အရောင်းသွက်

မန္တလေးမြို့ စာအုပ်ဈေးကွက်တွင် အစိုးရက ဒီမိုကရေစီဖော်ဆောင်၍ ပွင့်လင်းမြင်သာမှုရှိလာ
သည့် နောက်ပိုင်း နိုင်ငံရေးနှင့်ပတ်သက်သောစာအုပ်များ ပိုမိုနေရာရလာပြီး အရောင်း
သွက်လာကြောင်း မန္တလေးမြို့ရှိ စာပေဖြန့်ချိရေးဆိုင်များနှင့် စာအုပ်အငှားဆိုင်များက မြန်မာ
တိုင်း(မ်)ကို ပြောသည်။

"ခုဆိုရင် နိုင်ငံကလည်း ပွင့်လင်း မြင်သာမှု ရှိလာတဲ့အချိန်ဆိုတော့ နိုင်ငံရေးနဲ့ပတ်သက်တဲ့
စာအုပ်တွေ၊ အခြေခံဥပဒေအကြောင်း ရေးထားတဲ့စာအုပ် မျိုးတွေ အများဆုံးရောင်းအား
ကောင်း လာတယ်။ မနှစ်ကနဲ့ယှဉ်ရင်တော့ ဒီနှစ်စာအုပ် တော်တော်အရောင်းသွက်တယ်"
ဟု ညိုစာပေဖြန့်ချိရေးနှင့် စာအုပ်အငှားဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိနိုင်ငံရေးစာအုပ်များတွင် အရောင်းရဆုံး စာအုပ်များဖြစ်သော စာရေးဆရာ
မောင်မောင်ရွှေ (ကရဝိက်) ရေးသားသည့် ဟင်္သာကိုးသောင်းနှင့် ပင့်ကူ၊ မောင်မြင့်ကြွယ်
ရေးသားသည့် ကျင့်ဝတ် ၅၀ စသော စာအုပ်တို့မှာ အရောင်းသွက်ပြီး လူရွှင်တော် ဇာဂနာ
၏ ပထမအမည်ရှိ စာအုပ်နှင့် မင်းကိုနိုင် ရေးသားသော နောက်ကြည့်မှန်စသော စာအုပ်
များမှာလည်း ရောင်းအားကောင်းကြောင်း ၎င်းက ပြောသည်။

အင်းဝစာပေဖြန့်ချိရေးမှ မယဉ်ယဉ်အောင်က" ဒေါ်အောင်ဆန်းစုကြည်  အကြောင်း ရေးထား
တဲ့စာအုပ်မျိုးတွေနဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ စာအုပ်မျိုးတွေ ကတော့ အများဆုံးရောင်းရတာ
ပေါ့။ ဒါပေမယ့် တခြားသုတ၊ ရသစာအုပ်တွေ လည်း ပုံမှန်လေးတော့ ရောင်းရပါတယ်"
ဟု ဆိုသည်။

ယနေ့ခေတ်တွင် နည်းပညာတိုးတက် လာမှုကြောင့် ကွန်ပျူတာ၊ အင်တာနက်များ ပေါ်ပေါက်
လာသော်လည်း စာအုပ်၊ စာပေများကို နှစ်သက်စွာ ဖတ်ရှုသူများရှိနေသေးပြီး အများစုမှာ
နိုင်ငံရေးသတင်းပါသော ဂျာနယ်များကို လူကြီး၊ လူငယ်မရွေး စိတ်ဝင်စားကြကာ ယင်းစာအုပ်၊
စာစောင်များသည် အရောင်းသာမက အငှားလည်းသွက် ကြောင်း ၎င်းက ဆက်လက်ပြော
သည်။

ထွန်းစာပေမှ မဝါ၀ါကလည်း "ဒီ နှစ်ကစာအုပ်ငှားနှုန်းတော့ နည်းနည်းကျတယ်။ ဒါပေမယ့်
နိုင်ငံရေးစာအုပ်တွေကတော့ ငှားရပါတယ်၊ ၀တ္ထုဆိုရင်လည်း စာအုပ်တိုင်းကို မဖတ်ကြတော့
ဘူး။ နာမည်ကြီးစာရေးဆရာတွေရဲ့ စာအုပ်တွေလောက်ပဲ ဖတ်ကြတော့တယ်။တချို့စာအုပ်
တွေက ရှားလည်းရှားပြီး၊ ဆိုင်ကြီးတွေမှာမရှိတဲ့ စာအုပ်မျိုးတွေကျတော့ စာအုပ်အဟောင်း
ရောင်းတဲ့ဆိုင် တွေကနေဝယ်ပြီး ပြန်ငှားရတာတွေလည်းရှိတယ်" ဟု ဆိုသည်။

ရုံးဝန်ထမ်းတစ်ဦးဖြစ်သူ မမေရမ်က"အခုနောက်ပိုင်း စာအုပ်အငှားဆိုင်တွေမှာ ငှားရတာ
ဈေးလည်းကြီးလာတော့ ကိုယ်ကြိုက်တဲ့စာအုပ်တွေဆိုရင် ၀ယ်ဖတ်လိုက်တယ်။ နိုင်ငံရေးနဲ့
ပတ်သက်တဲ့ စာအုပ်တွေဆိုကြိုက်တော့ ၀ယ်ဖတ်ဖြစ်တယ်" ဟု ပြောသည်။

နိုင်ငံရေးစာအုပ် ဈေးနှုန်းများမှာ ပုံမှန်အားဖြင့် ကျပ်၂,၀၀၀ မှ ၅,၀၀၀ အတွင်းရှိပြီး ဘာသာရေး
ဆိုင်ရာစာအုပ်များကို လူကြီးများသာမက၊ လူငယ်များလည်း ၀ယ်ယူဖတ်ရှုကြကြောင်း၊
ဈေးနှုန်းအားဖြင့် ကျပ် ၁,၅၀၀ မှ၂၀,၀၀၀ ၀န်းကျင်ရှိကြောင်း၊ သုတ၊ ရသ စာအုပ်များမှာ
ကျပ်၂,၀၀၀ မှ ၈,၀၀၀ ၀န်းကျင်ရှိပြီး၊ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော စာအုပ်များမှာ
ကျပ် ၅,၀၀၀ မှ ကျပ် တစ်သိန်းဝန်းကျင်အထိ ဈေးနှုန်းများ အသီးသီးရှိကြောင်း ဒေါ်ယဉ်ယဉ်
အောင်က ပြောသည်။

"မေတ္တာရှင် (ရွှေပြည်သာ)၊ ရှင်ဆန္ဒာဓိက၊ ဦးဇောတိကနဲ့ ရှင်ဇနကာဘိ၀ံသ ဒီလေးပါးရဲ့
စာအုပ်တွေကလည်း ရောင်းအားကောင်းတယ်။ ကျွန်မတို့ စာအုပ်တိုက်ကတော့ စာအုပ်
မျိုးစုံတော့ မထားဘူး။ ၀တ္ထုစာအုပ်ဆိုရင်လည်း နာမည်ကြီးတဲ့ စာရေးဆရာတွေရဲ့ စာအုပ်
လောက်နဲ့ ကျောင်းသုံးစာအုပ် ဆိုရင်လည်း စာစီစာကုံးလောက်ပဲထားတာ။ တချို့က
ပြည်တွင်း၊ ပြည်ပက လိုချင်တဲ့စာအုပ်ကို လာပြီးမှာရင်တော့ မှာပေးတာမျိုးရှိပါတယ်" ဟု
၎င်းက ဆက်လက်ပြောပြသည်။

မန္တလေးမြို့တွင် နိုင်ငံရေးနှင့် အထွေထွေသုတ၊ ရသ ပညာပေးစာအုပ် အရောင်းဆိုင်ပေါင်း
၂၀ ကျော်ခန့်ရှိပြီး စာအုပ်အငှားဆိုင်ပေါင်း ၁၀၀ ကျော် ရှိကြောင်းသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး