ဘာလဲဟဲ့ မောင်စွမ်းရည်

ဘာလဲဟဲ့ မောင်စွမ်းရည်

"တွေးတတ်သလောက် ရေးတတ်သလောက်နဲ့ပဲ ကျွန်တော် စိတ်အချဉ် ပေါက်တဲ့ 'အကောင်
ဗလောင်'တွေကို နားရွက်တံတွေးဆွတ်ကြည့်တာပါပဲ"လို့ ဆိုထားတဲ့ ဆရာမောင်စွမ်းရည်ရဲ့
စာအုပ်ဖြစ်ပါတယ်။

ဒီစာအုပ်ကို ပြီးခဲ့တဲ့လအနည်းငယ် အတွင်းက ထုတ်ဝေခဲ့တဲ့ ဦးနုရဲ့ 'တာတေစနေသား'၊
မသီတာ (စမ်းချောင်း)ရဲ့ 'စမ်းချောင်း အင်းစိန် ဟားဗတ်' စတဲ့ စာအုပ်ကောင်းတွေကို
ထုတ်ဝေခဲ့တဲ့ ငါတို့စာပေကနေပဲ ဆက်လက်ထုတ်ဝေလိုက်တဲ့ စာအုပ်ကောင်းတစ်အုပ်
ဖြစ်ပြီး 'ဘာလဲဟဲ့..'နဲ့ အစချီပြီး နာမည်ပေးထားတဲ့ ဆောင်းပါးပုဒ်ရေပေါင်း ၃၃ ပုဒ်
ပါ၀င်ထားပါတယ်။

ဆရာမောင်စွမ်းရည်ဟာ ဘယ်နိုင်ငံ ရေးပါတီဝင်မှမဟုတ်ဘဲ ပြည်ပကို ထွက်လာရင်း ရေဒီယို
တွေကနေပြီး စစ် အစိုးရဆန့်ကျင်ရေးစကားတွေ အပြော များလွန်သွားလို့ မပြန်ဘဲနေခဲ့သူဖြစ်
ပါတယ်။

ဒီစာအုပ်ထဲက ဆောင်းပါးတွေ ရဲ့အကြောင်းအရာတွေကို ရေဒီယိုတွေ က အသံလွှင့်ရာမှာ
ရော၊ ပြည်ပထုတ် ဂျပန်၊ ကိုရီးယား၊ အမေရိကန်အခြေစိုက် စာနယ်ဇင်းလေးတွေမှာရော၊
ကွန်ပျူတာ ကွန်ရက်တွေမှာရော ကြုံသလိုဖော်ပြ ခဲ့ပြီးဖြစ်ကြောင်း ဆိုထားပါတယ်။

နိုင်ငံရေးနယ်ပယ်က ကိစ္စရပ်မျိုးစုံကို တို့ထိထားပြီး လူကြီးလူငယ်တွေ နှစ်သက်မိကြမယ့်
ဒီဆောင်းပါးတွေဟာ ထိမိတဲ့စကားလုံးအသုံးအနှုန်း၊ ကလိတဲ့ဟန်တွေနဲ့ ခပ်သွက်သွက်
ဆွဲခေါ်သွားနိုင်တာကို တွေ့ရသလို သိသင့်သိထိုက်တဲ့ နိုင်ငံရေးနယ်ပယ်ရဲ့ အတိတ်က
ဖြစ်ရပ်တွေကိုပါ မြင်တွေ့ခွင့်ရပါလိမ့်မယ်။

'ဘာလဲဟဲ့..'နဲ့ အစချီထားတဲ့ ဆောင်းပါးခေါင်းစဉ်တွေအဖြစ် စာအုပ် ရှေ့ပိုင်းမှာ
'မောင်စွမ်းရည်'၊ 'နိုင်ငံရေးသမား'၊ 'ပါတီနိုင်ငံရေး'၊ 'ဒီမိုကရေစီ'၊ 'အေရှန် ဗဲလယူး'၊ 'တရား
ဥပဒေ'၊ 'ဒိုင်ယာလော့ခ်'၊ 'နှစ်ဖက်စလုံးလျှော့'၊ 'ထိပ်တိုက်ရင်ဆိုင်မှု'၊ 'တစ်မတ်သား'၊
'ဆန်ရှင်'၊ 'ဒီဖက်တို'၊ 'ဒီဂျူးရီး'၊ 'ဟီးရိုး ဝေါရှစ်'နဲ့ 'ပုဂ္ဂိုလ်ကိုးကွယ်မှု' တို့ ပါ၀င် ထားပါတယ်။

"..အခုလို နိုင်ငံရေးနယ်ပယ်က ကိစ္စတွေကို ဟိုတို့ဒီတို့ရေးတဲ့အတွက် မိမိကိုယ်ကို နိုင်ငံရေး
အကဲခတ်သမား လို့ လုံးဝမထင်မှတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အခုရေးထားတာတွေက
'အရပ်သားအတွေး'၊ 'အရပ်သားဆင်ခြေ'တွေနဲ့ပဲ ရေးနေတာပါ။.. ကျွန်တော့ အတွေးအခေါ်
တွေဟာ စာဖတ်သူတွေက အဆင့်အတန်း မရှိဘူးလို့ထင်ရင် ဒါတွေက အရပ်သားအတွေး
ပါဆိုပြီး အရပ်သားကို ခုတုံးလုပ်၊ အရပ်သားနဲ့ အကာအကွယ်ယူရခြင်းလည်းမဟုတ်ပါ။
လုံးဝ မဟုတ်ပါ။ ပြည်သူကြားက အတွေးအခေါ်လို့  ပြောလိုရင်းပါ။ မပြောတတ်လို့ ချွဲသလို
ဖြစ်နေရင်လည်း သည်းခံပါလေ။ တကယ်လည်း ဒီဆောင်းပါးတွေဟာ ကျွန်တော်အရပ်
တကာလည်ပြီး လက်ဖက်ရည်ဝိုင်းမှာ ပြောခဲ့တာတွေပဲ ဖြစ်ပါတယ်.."လို့လည်း စာရေးသူက
ဆိုထားပါတယ်။

စာအုပ်ရဲ့နောက်ပိုင်း ဆောင်းပါးတွေ အဖြစ် 'ကွန်မြူနစ်'၊ 'ပုဆိန်ရိုး'၊ 'အကြောက်တရား'၊
'လူကြီးဖယ်'၊ '၁၃၅ မျိုး'၊ 'အမေ့ခေါ်သံ'၊ 'အဘခေါ်သံ'၊ 'မီဒီယာအက်သစ်'၊ 'သတင်းသမား'၊
'သင်္ကြန်'၊ 'အာဇာနည်'၊ 'အကောင်ဗလောင်'၊ 'အမျိုးသားနေ့'၊ 'အကြံပေး'၊ 'ငြိမ်းချမ်းရေး'၊
'စည်းကမ်းရှိတဲ့ ဒီမိုကရေစီ'၊ 'အမျိုးသား အကျိုးစီးပွား'နဲ့ 'လူ့ အခွင့်အရေး' တို့ ပါ၀င်
ထားပါတယ်။

"..ကျွန်တော့ရည်ရွယ်ချက်က လည်း သိပ်ပြီးမြင့်မြင့်မားမားမဟုတ်ပါဘူး။ နိုင်ငံရေးပဲဖြစ်ဖြစ်၊
ဘာအရေးပဲ ဖြစ်ဖြစ် ငုတ်တုတ်ခံမနေဘဲ ဆင်ခြေ တက်ကြည့်ကြဖို့ပါပဲ။ 'ဖောက်တွေး
နည်း'၊ 'ဆန့်တွေးနည်း' စသဖြင့် ကြီးကြီးကျယ်ကျယ်လည်း မပြောတတ်၊ သူများပြောရင်
လည်း ပြောတဲ့လူတွေဟာ သိပ်သိကြတာမဟုတ်ဘူးလို့ ရိပ်မိလို့ နားကြားပြင်း ကတ်တတ်
ပါသေးတယ်။ ကျွန်တော်ဖြစ်ချင်တာက သူများက ကောင်းတယ်ပြောရင် ဘာကောင်းတာ
လဲ၊ ဘာဖြစ်လို့ကောင်းတာလဲ၊ ဘယ်လိုကောင်းတာလဲစသဖြင့် ဆင်ခြေတက်ကြည့်ရုံပါပဲ။

မကောင်းဘူးပြောရင်လည်း ဆင်ခြေတက်ပါ။ ..ဘုရားကိုယ်တော်တိုင်က ငါ့တရားကို
ငါပြောတိုင်းမယုံနဲ့လို့ သံသယရှိခွင့်ပေးထားလျက်နဲ့ ဘုရားစာကို အတွန့်တက်ရင် မိုးကြိုး
ပစ်မယ်၊ မြေမျိုလိမ့်မယ်လို့ထင်နေသမျှ ကျွန်တော်တို့ နိုင်ငံဟာ လူလည်၊ လူရှုပ်တွေ၊
လူလိမ်၊ လူယုတ်တွေရဲ့ ကြီးစိုးတာကို ခံနေရဦးမှာပါပဲ။ ဒါကြောင့် ဘာလဲဟဲ့လို့ ဆင်ခြေ
တက်ကြည့်ကြစမ်းပါ.." လို့ဆိုထားပြီး စာဖတ်သူအာရုံမှာ ငြိနိုင်မယ့်ဒီစာအုပ်
ကို ၂၀၁၃၊ ဇန်နဝါရီလမှာ ပထမအကြိမ် အုပ်ရေ ၁, ၀၀၀ ထုတ်ဝေထားပြီး တန်ဖိုး
ကျပ် ၂, ၀၀၀ ဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး