ယခုနှစ် ဇန်နဝါရီ ဒုတိယပတ်အတွင်း မြန်မာစာစနစ် အသုံးပြုထားသော နာမည်ကျော် တရုတ်
(တိုင်ပေ) အခြေစိုက် HTC ဖုန်း ဈေးကွက်ထဲ ၀င်လာမည်ဖြစ်ကြောင်း စံမြန်မာမှ ဦးထွန်းမြင့်က
ဆိုသည်။
မြန်မာစာစနစ် ပါ၀င်သည့် HTC ဖုန်းများကို ရန်ကုန်တွင် ဇန်နဝါရီ ၁၄ ရက်တွင်KMD ၌
လည်းကောင်း၊ မန္တလေးတွင် ဇန်နဝါရီ ၁၅ ရက် မင်းကွန်ပျူတာ၌လည်းကောင်း အရောင်း
စင်တာများဖွင့်လှစ်၍ ရောင်းချမည်ဖြစ်သည်။
"အိတ်ချ်တီစီက မော်ဒယ်အလိုက် ရှိတာပေါ့။ ဈေးနှုန်းကို တစ်သိန်းခွဲ ၀န်းကျင်လောက်ကနေ
ခြောက်သိန်း၊ ခုနစ်သိန်းအထိရှိတယ်။ အတတ်နိုင်ဆုံး ဈေးချဖို့ စီစဉ်ထားပါတယ်။ စစချင်းမှာ
လူတွေသုံးအောင်လို့။ ဘယ်လောက်ထိ ဈေးချမလဲဆိုတာ ဆွေးနွေးနေတုန်းပဲ။ မော်ဒယ်လ်
ခုနစ်မျိုး ဖြစ်ပါတယ်။
"စနစ်တစ်ခုလုံး မြန်မာလိုရအောင် လုပ်ထားပါတယ်။ မြန်မာဖောင့်ထည့် ထားတဲ့ တခြား
ဟန်ဖုန်းက မီးနူးတွေက အင်္ဂလိပ်လိုဖြစ်နေတယ်။ HTC မှာ အဲဒီလိုမဟုတ်ဘူး။ မြန်မာပြု
လိုက်တဲ့ အသိပေးချက်တွေအားလုံးက မြန်မာလို ပြန်ပြောတယ်။ ဘက်ထရီအားနည်း
နေပြီ။ ဖုန်းကွန်ရက်လိုင်းတွေ မတက်ဘူးဆိုတာ မြန်မာလိုပြန်ပြောတာ"ဟု စံမြန်မာမှ
ဦးထွန်းမြင့်က ဆိုသည်။
"ကျွန်တော်တို့လက်ရှိက စံမြန်မာသုံးပေမယ့် အပြင်မှာဇော်ဂျီအသုံးများတဲ့အတွက် အပြင်
ဘက်ဆက်သွယ်တာ မှန်သမျှ မက်ဆေ့ချ်ရိုက်မယ်။ ဂျီတော့ ပြောမယ်။ နောက်ပြီး
၀က်ဘ်ဆိုက် ရှာမယ်။ ဇော်ဂျီဖောင့်ကို အဲဒီ Outputသုံးမျိုးထုတ်ထားပါတယ်။ ကျွန်တော်တို့
စံမြန်မာနဲ့ ရိုက်တယ်။ ပြီးရင် ဒီထဲဝင်ထားတာနဲ့တစ်ပြိုင်နက် ဇော်ဂျီနဲ့ထုတ်တယ်" ဟု ၎င်းက
ဆိုသည်။
ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ရာခိုင်နှုန်းတစ်ခုသတ်မှတ်၍ ဈေးလျှော့ ရောင်းခြင်းနှင့် ကံစမ်းမဲ
ပေးခြင်း တစ်ခုခု ဆောင်ရွက်မည်ဖြစ်သည်။ မန္တလေးမြို့မှ ကွန်ပျူတာပညာရှင်များ တီထွင်
ဖန်တီးခဲ့သည့် စံမြန်မာစနစ် ကို HTC ဖုန်းထဲတွင် ထည့်သွင်းအသုံး ပြုခြင်းဖြစ်ပြီး ဟန်းဆက်
များတွင် မြန်မာစာ OS စနစ် ပါ၀င်လာခြင်းမှာ HTC သည်် ပထမဆုံးမဟုတ်ကြောင်း၊ ၂၀၁၁
ခုနှစ်အစောပိုင်းတွင် စံမြန်မာက Standard အမည်ရှိ စီဒီအမ်အေ ဟန်းဆက်များတွင် အဆိုပါ
စနစ် ထည့်သွင်းရောင်းချခဲ့ကြောင်း၊ စံမြန်မာ စနစ်ကို ၂၀၀၉ ၌ စတင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်
ကတည်းက မိတ်ဆက်ပေးခဲ့ကြောင်း ဦးထွန်းမြင့်က ဆိုသည်။
"မြန်မာစာက တခြားစာတွေနဲ့ မတူဘူး။ အားသာချက်တွေ ရှိတယ်။ HTC ဖုန်းက အစက
မြန်မာပြည်ဈေးကွက် ၀င်ဖို့မရှိဘူး။ HTC က စီအီးအိုနဲ့ ဆွေးနွေးချိန်မှာ တခြားဟာနဲ့မတူဘူး
လို့ ပြောပြဖြစ်ခဲ့တယ်။ သူကိုယ်တိုင်လည်း လက်ရှိ လုပ်ထားပြီးသားစက်ပေါ်မှာ စမ်းကြည့်
တယ်။ သူလည်းမြန်မာပြည်မလာတာ ကြာသွားပြီ။ နှစ်ပေါင်း ၃၀ လောက် ရှိတယ်။ သူက
စီအီးအိုလည်းဖြစ်တယ်။
တည်ထောင်သူလည်းဖြစ်တယ်။ သူက ဘာလဲဆိုတော့ သူများနဲ့မတူတာလုပ်တယ်။ သူ့
အကျင့်အတိုင်းပဲ လုပ်တယ်။ မြန်မာပြည်လာတယ်။ တကယ်ထူးခြားတာဟုတ်မဟုတ်
အရင်လေ့လာတယ်။ တော်တော်ကောင်းတယ်။ တခြားဇော်ဂျီနဲ့ရိုက်တယ်။ အိုင်ဖုန်းက
လက်ကွက်တွေရော အကုန်လေ့လာ၊ လေ့လာပြီးတော့ သိသွားပြီ။ ဒီမြန်မာစာစနစ်နဲ့
ဆိုရင် မြန်မာဈေးကွက်ရမယ်ဆိုရင် အောင်နိုင်မယ်ဆိုမှစပြီးလုပ်တာ။ စာချုပ်ချုပ်တယ်။
လေးလ၊ ငါးလလောက် ကြာသွားတယ်" ဟု ၎င်းက ဆိုသည်။
Android တွင် မြန်မာစာစနစ် ပါ၀င်ခြင်းကြောင့် အကျိုးကျေးဇူးများ ပိုမိုရှိလာနိုင်ကြောင်း
၎င်းက ဆိုသည်။ "Android က စနစ်တစ်ခုထဲ ၀င်သွားရင် ဖန်ရှင်တွေများပြီး လည်ထွက်
နေတာ။ ပြန်ထွက်မရတော့ဘူး။ ဒါဆို မြန်မာစာစနစ်ဖြစ်မှကို အသုံးတည့်တော့မှာ။ ရာခိုင်နှုန်း
၂၀၊ ၃၀ လောက်ပဲ တကယ်နားလည်နိုင်ကြတယ်။ စမတ်ဖုန်းက စွမ်းဆောင်ရည်တွေက
အများကြီး။
ဒီစွမ်းဆောင်ရည်အားလုံးကို ဒီထဲထည့်ထားတယ်။ ဖုန်းစာအုပ်အပြင် သတိပေးချက်တွေ၊
ပြက္ခဒိန်တွေ၊ ဂျီပီအက်စ်တွေပါတဲ့ ဖုန်းတွေကတော့ ဖြည်းဖြည်းချင်းဖြစ်လာမှာ။ ခုလော
လောဆယ် လူငယ်တွေတစ်ဆင့် နားလည်လာပြီ။ လူတွေက ဒီထက်ပိုတောင်းဆိုလာ
ပါလိမ့်မယ်။ မလိုပါဘူး ပြောတဲ့သူတွေရှိပါတယ်။ စမတ်ဖုန်းတွေသာ မြန်မာလိုဖြစ်လာရင်
ချက်ချင်းနားလည်လာတဲ့ အကျိုးသက်ရောက်မှုတွေရှိလာမယ်" ဟု ၎င်းက
ဆိုသည်။
မြန်မာစာကို အခြားတရုတ်ဖုန်းများ၌ ထည့်ထားကြသည်ကို တွေ့ရကြောင်း၊ သို့သော်
လုပ်ဆောင်ချက်အလွန်ကွာကြောင်း၊ မြန်မာလိုရိုက်ချိန်တွင် အခြားတရုတ်ဖုန်းမှ မြန်မာ
စာလုံးများသည် စာလုံးလည်းမလှသည့်အပြင် လိုချင်သလို အစုံရိုက်၍မရကြောင်း
၎င်းက ရှင်းပြသည်။
















