မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည် မြို့နယ်၊ ၀ါးလုံးတံတားရပ်ကွက် မဟာစန္ဒာမုနိ မြတ်စွာ
ဘုရားဝင်းအတွင်း နှစ်ပေါင်း ၂၀၀ ကျော် သက်တမ်းရှိ ရှေးဟောင်းကြေးခေါင်းလောင်းကြီးကို
လေ့လာနိုင်ရန် ယခုအခါ ဘုရားဝင်း အတွင်း မြောက်ဘက်မုခ်တွင် ချိတ်ဆွဲ ထားကြောင်း
ဆရာတော် ဦးနန္ဒိယ မိန့်ကြားသည်။
အဆိုပါ ခေါင်းလောင်းကြီးကို ဘုရား၏ ပရိ၀ုဏ်အတွင်းတွင် တွေ့ရှိရသဖြင့် ဘုရားပရိ၀ုဏ်
အတွင်း ပြန်လည်ချိတ်ဆွဲထားခြင်းဖြစ်ပြီး၊ ဆက်လက်ထိန်းသိမ်းသွားရန်သာလိုအပ်ကာ
ပြန်လည်ပြုပြင် မွမ်းမံရန်မှာမူ မလိုအပ်သေးကြောင်းဆရာတော်က မိန့်ကြားသည်။
"ရှေးဟောင်းယဉ်ကျေးမှုဌာနက လာကြည့်သွားပြီး၊ ပြုပြင်စရာမလိုဘူးလို့ပြောသွားပါတယ်။
ခေါင်းလောင်းမှာပါ၀င်တဲ့ ကမ္ပည်းစာတန်းတွေကို ဖတ်ပေးသွားတယ်။ ဘုရားဝင်းအတွင်း
ချိတ်ဆွဲ မှာကိုလည်း ခွင့်ပြုတဲ့အကြောင်း ပြော သွားပါတယ်"ဟု ဆရာတော်က မိန့်ကြားသည်။
အဆိုပါ ကြေးခေါင်းလောင်းကြီးသည် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့တွင် သစ်ပင်
စိုက်ပျိုးရန် မြေတူးဖော်ရာမှ စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ အမြင့် သုံးပေ၊ အဝကျယ်နှစ်ပေ၊အထူ
သုံးလက်မခွဲ၊ အလေးချိန် ၃၀၀ ကျော်ရှိပြီး၊ ခြင်္သေ့ရုပ်နှစ်ရုပ်နှင့် ကမ္ပည်းစာတန်းများပါ၀င်ကြောင်း
သိရသည်။
"ခေါင်းလောင်းကို သစ်ပင်စိုက်ဖို့ မြေတူးတာ၊ နှစ်ပေကျော်လောက်မှာ ပြောင်းပြန်အနေနဲ့စတွေ့
တယ်။ အပေါ်ကို ကရိန်းကားနဲ့ဆွဲယူပြီး၊ ဓမ္မဝိရဘုန်းတော်ကြီးကျောင်းမှာ ယာယီထားရှိခဲ့ပါတယ်"
ဟု ဆရာတော်ကမိန့်သည်။
အဆိုပါကြေးခေါင်းလောင်း ချိတ်ဆွဲထားသော စန္ဒာမုနိမြတ်စွာဘုရားကို မြန်မာသက္ကရာဇ် ၁၁၄၄
ခုနှစ်က ဘိုးတော်ဦးဝိုင်း (ဗဒုံမင်း) တည်ထားကိုးကွယ်ခဲ့ကြောင်း သိရသည်။
















