ရွှေထွက်ရာဒေသအချို့တွင် မငြိမ် မသက်ဖြစ်နေခြင်း၊ သဘာဝဘေး အန္တရာယ်ကျရောက်ခြင်းနှင့်
တစ်နိုင် တစ်ပိုင်လုပ်ကိုင်သူ နည်းလာခြင်းတို့ကြောင့် ၂၀၁၃ ခုနှစ်တွင် ရွှေရှားသည့်ပြဿနာနှင့်
ကြံုတွေ့နိုင်ကြောင်း အောင်သမာဓိရွှေဆိုင်မှ ဦးအောင်က မြန်မာတိုင်း(မ်) ကို ပြောသည်။
"သပိတ်ကျင်းဘက်မှာ ငလျင်ဒဏ်ခံရ ပြီးကတည်းက လုပ်သားရှားပါးမှုတွေ ဖြစ်လာတယ်။
အဲဒီဘက်က ရွှေလည်း အဝင်နည်းလာတယ်။ ရမည်းသင်းဘက်ကကျတော့ အရင်က သူတို့
ထွက်တဲ့ ရွှေရဲ့ ၈၀ ရာခိုင်နှုန်းလောက် မန္တလေးကို ၀င်ပေမယ့် ၂၀၁၂ ခုနှစ်၊ နှစ်လယ်ပိုင်း
လောက်ကစလို့ အဲဒီဘက်က ရွှေမဝင်သလောက်ပဲ။ အဲဒီဘက်က အရင် ကုမ္ပဏီ အခု ၁၀၀
လောက် လုပ်နေတာ ကနေ အခုကုမ္ပဏီတစ်ခုတည်းကို လုပ်ပိုင်ခွင့်ပေးလိုက်တော့ ဒီဘက်ကို
ရွှေမလာတော့ဘူး။ ဖားကန့်ဘက်က လည်း နယ်မြေမငြိမ်မသက်ဖြစ်နေတော့ ရွှေမရတော့ဘူး။
"အရင်က လှော်ဖိုကို တစ်ရက်အချိန် တစ်ဆယ်ဆို အချိန်တစ်ဆယ် ပုံမှန် ၀င်တယ်။ အခု
သပိတ်ကျင်းက ငလျင် လှုပ်ပြီးနောက်ပိုင်း တစ်ရက်ကို သုံး ပိဿာ၊ ငါးပိဿာဝင်တဲ့ရက်
တွေက တစ်ပတ်ကို တစ်ရက်၊ နှစ်ရက်လောက် ပါလာတယ်။
"၂၀၁၂ ခုနှစ် အကုန်ပိုင်းမှာ ရွှေက သိသိသာသာရှားလာတယ်။ အခုအခြေအနေအရ ရွှေကို
ချက်ချင်း လိုချင်ရင် ခက်လာတယ်။ ဈေးကွက်ထဲ မှာကို အဲလိုဖြစ်လာတယ်"ဟု ဦးအောင်
က ဖြည့်စွက်ပြောသည်။
ယခုနှစ်ဆန်းပိုင်းတွင်ပင် ရွှေရှားပါးမှုပြဿနာကြောင့် ကမ္ဘာ့ရွှေဈေးကျ သော်လည်း မြန်မာ့
ရွှေဈေးမှာ ကျသင့် သလောက်မကျခဲ့ကြောင်း အခြားရွှေ လုပ်ငန်းရှင်တစ်ဦးကလည်း ဆိုသည်။
"အခုရက်ပိုင်းတော့ ရွှေဈေးပြန်တက် တယ်။ ဒါကလည်း ကမ္ဘာ့ရွှေဈေးက အကျပြီးသွားလို့
အတက်ဘက် ပြန် ရောက်လာတဲ့ သဘောပါပဲ။ ဇန်နဝါရီ လဆန်းပိုင်းလောက်ကတော့ ကမ္ဘာ့
ရွှေဈေးကျပေမယ့် ရွှေရှားတာကြောင့် မြန်မာ့ရွှေဈေးက ကျသင့်တာထက် ကျပ် လေး၊ ငါး
ထောင်လောက် ပိုနေတာမျိုး ဖြစ်ခဲ့တယ်။ ဥပမာ တစ်ကျပ်သား ကျပ် ရ၅၃,၀၀၀ လောက်
ဖြစ်ရမယ့်ဟာကို ကျပ် ရ၅၈,၀၀၀/၉,၀၀၀ လောက် ဖြစ် နေတာမျိုးပေါ့။ ရွှေဈေးက သိပ်မတက်
သေးတာကြောင့် ရွှေပြန်ရောင်းတဲ့လူ နည်းနေပြီး ဈေးကွက်ထဲမှာလည်း ရွှေ ရှားနေတယ်"ဟု
မဇင်မိမိအောင်ကလည်း ဆိုသည်။
ဇန်နဝါရီလ ၁၄ ရက်နေ့၏ ရွှေပေါက် ဈေးမှာ ရွှေတစ်ကျပ်သားလျှင် ကျပ် ရ၆၃,၈၀၀ ၀န်းကျင်
(အရောင်း) နှင့် ကျပ် ရ၆၁, ၀၀၀ ၀န်းကျင် (အဝယ်) ဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး
ခန္တီးမြို့၊ မြိတ် မြို့နှင့် ဟုမ္မလင်းမြို့နယ်၊နမ့်တောဒေသ တို့ဘက်တွင် အကွက်သစ်များ ထပ်မံ
ပေါ်ထွက်လာခြင်းကြောင့် ဈေးကွက် တွင် ရွှေလုံးဝပြတ်မသွားခြင်းဖြစ် ကြောင်း သိရသည်။
"၂၀၁၃ ခုနှစ်မှာ ရွှေရှားမယ်ဆိုတာ ရွှေဈေးတက်မယ်လို့ ပြောတာမဟုတ် ဘူး။ ရွှေဈေးအတက်
အကျက ကမ္ဘာ့ ရွှေဈေးပေါ်ပဲ မူတည်နေတာဖြစ်တဲ့ အတွက် ကြိုတင်မခန့်မှန်းနိုင်ပါဘူး။
ဒါပေမဲ့ လက်ရှိမှာ ရွှေလက်ကျန်နည်းပြီး ရှားပါးနေတာကြောင့် ကမ္ဘာ့ရွှေဈေး တက်ရင် မြန်မာ့
ရွှေဈေးက နှစ်ဆတက်မယ်။ ကမ္ဘာ့ရွှေဈေးကျရင်တော့ မြန်မာ့ ရွှေဈေးက လိုက်ကျမှာမဟုတ်ဘဲ
တင်းခံ နေလိမ့်မယ်။
"ရွှေရှားတဲ့ပြဿနာကို ဖြေရှင်းဖို့က တစ်နိုင်တစ်ပိုင် လုပ်ကွက်တွေကို များများ ချထား
ပေးဖို့ပါပဲ။ အများလုပ်လို့ရတဲ့နေရာမှာ အများကို ဦးစားပေးချထားမယ်ဆိုရင် ပိုအဆင်ပြေ
တယ်။
"တကယ်အင်းဖောက်သူ၊ တကယ်လက်လီ လုပ်သူတွေကိုပဲ လုပ်ကွက်ချထားပေးမယ်ဆိုရင်
ရွှေအထွက်လည်း တိုးနိုင်တယ်။ ရွှေလုပ်ငန်းရှင်တွေအတွက်လည်း အဆင်ပြေမယ်"ဟု
ဦးအောင်က ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ပွင့်လင်းမြင်သာမှုရှိခဲ့သည့်အတွက် ရွှေဈေးမှာ တစ်ရက်တည်းနှင့်
ကျပ်ငါးသောင်း၊ တစ် သိန်း တက်သွားခြင်းမရှိခဲ့ကြောင်း၊ ယခု ၂၀၁၃ ခုနှစ်တွင် ရွှေဈေးမှာ
တက်ပါက တစ်ရှိန်ထိုးတက်နိုင်ပြီး ကျလျှင်ဖြည်းဖြည်းချင်းသာ ကျနိုင်ကြောင်း၊ ယင်းကြောင့်
ရွှေကိုအကျိုးအမြတ် အတွက် မကစားဘဲ ရင်းနှီးမြှုပ်နှံဖို့အတွက်သာ အသုံးပြုသင့်ကြောင်း၊
ယခုနှစ်မှာ ရွှေရှားနိုင်သည့်အတွက် မလိုအပ်ဘဲ ထုတ်ရောင်းခြင်းမျိုး မလုပ်သင့်ကြောင်း
နားလည်သူများက အကြံပေးကြသည်။
















