တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသူများ ၀င်ရောက်ယှဉ်ပြိုင်ကြသော ကာယ အလှမယ်ပြိုင်ပွဲတွင်
ကျောက်ဆည် တက္ကသိုလ်မှကျောင်းသူနှစ်ဦးက ပထမ ဆုများကို ဆွတ်ခူးသွားကြသည်။
အဆင့်မြင့်ပညာဦးစီးဌာန (အထက် မြန်မာပြည်) /ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊
တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ပညာရေးကောလိပ် များ၏ ကာယဗလ၊ ကာယအလှမယ်
ပြိုင်ပွဲတွင် မယ်ပြိုင်ပွဲ၌ ကျောက်ဆည် တက္ကသိုလ်မှ ကျောင်းသူများဖြစ်ကြ သော မြတ်စုနိုင်
နှင့် ဆုမွန်သွယ်တို့က အကြီးတန်းနှင့် အငယ်တန်းမယ် ပထမဆုများကို အခြားတက္ကသိုလ်၊
ဒီဂရီ ကောလိပ်များမှ ပြိုင်ပွဲဝင်များကို ကျော်ဖြတ်ပြီး ရရှိသွားသည်။ ပြိုင်ပွဲကို ယခုလ ၉ ရက်
နေ့က မန္တလေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပခဲ့သည်။
အရပ် ၅ ပေ ၆ လက်မမြင့်သည့်မြတ်စုနိုင်မှာ ရင် ၃၂၊ ခါး ၂၃၊ တင် ၃၆ လက်မခွဲဖြစ်ပြီး အရပ်
၅ ပေ ၄ လက်မ မြင့်သည့် ဆုမွန်သွယ်မှာ ရင် ၃၄၊ ခါး ၂၃၊ တင် ၃၇ လက်မခွဲရှိသည်။
ဆုမွန်သွယ်မှာ နှစ်နှစ်ဆက်တိုက် ဆုရခြင်းဖြစ်ပြီး "ကိုယ့်ကိုယ်ကိုတော့ အကုန်လှတယ်ထင်တာ
ပါပဲ"ဟု ၎င်းက ပြိုင်ပွဲအပြီးတွင် ပြောသည်။ မြတ်စုနိုင် ကမူ သူမ၏အရပ်အမောင်းမြင့်မားမှုကို
ကျေနပ်မိကြောင်းပြောသည်။
ပြိုင်ပွဲတွင် မန္တလေး၊ ကျောက်ဆည်၊ မိတ္ထီလာ၊ မြင်းခြံ၊ တောင်ကြီး၊ ဗန်းမော်၊ ကလေး၊ လားရှိုး၊
ရွှေဘို၊ ရေနံချောင်း၊ မိုးညှင်း၊ မကွေး၊ ပခုက္ကူ၊ မြစ်ကြီးနား၊ လွိုင်ကော်စသည့်မြို့များရှိ
တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ပညာရေးကောလိပ် များမှ ပြိုင်ပွဲဝင်ကျောင်းသူပေါင်း ၂၅ ဦး
ခန့် ပါ၀င်ယှဉ်ပြိုင်ခဲ့ကြသည်။
"ဒီပြိုင်ပွဲက သုံးကြိမ်မြောက် ကျင်းပ တာပါ။ လူငယ်ဆိုတာ လှပခြင်းနဲ့ ကျန်းမာခြင်းနှစ်ခုတွဲ
နေနိုင်ရင် ပိုကောင်း တာပေါ့။ အခုခေတ်လူငယ်တွေက ကိုယ်ကာယကြံ့ခိုင်လှပမှုကို
သိပ်အလေးမထားကြတာ များပါတယ်။ ဒီပြိုင်ပွဲကျင်းပခါစမှာ ပြိုင်ပွဲဝင်နိုင်မယ့်သူတွေ ရဖို့
ခက်ခဲခဲ့ပေမယ့် နောက်ပိုင်းမှာ ကျောင်းသားကျောင်းသူတွေက ကိုယ်ကာယအလှ လေ့ကျင့်
ရေးခန်းမ တွေကို သွားလေ့ကျင့်တာတွေလည်း ရှိ လာသလို စနစ်တကျလည်း ၀င်ပြိုင်နိုင်
လာကြပါတယ်။ နောက်လာမယ့်ပြိုင်ပွဲ တွေမှာ ဉာဏ်စမ်းပဟေဠိတွေကိုပါ ထည့်မေးသွားဖို့
အစီအစဉ်ရှိပါတယ်" ဟု ပြိုင်ပွဲကျင်းပရေးဥက္ကဋ္ဌဖြစ်သူ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်
ဒေါက်တာဒေါ်ခင်ဆွေမြင့်က ပြောသည်။
















