မန္တလေးမြို့မှ တစ်နေ့တာ စွန့်ပစ်အမှိုက်များဖြင့် လျှပ်စစ်ထုတ်လုပ်မှုကို လေ့လာနိုင်ရန် ကုမ္ပဏီ
တစ်ခုက စတင်စမ်းသပ်လုပ်ကိုင်နေပြီဖြစ်ကြောင်း သိရသည်။
အမေရိကန် ပြည်ထောင်စု အခြေစိုက်MUKA Energy Co.,Ltdက ငွေကြေးစိုက်ထုတ်ပြီး
မြန်မာနိုင်ငံရှိ Myanmar Emperor International Co.,Ltd နှင့် ပူးပေါင်းဆောင်ရွက်ခြင်း
ဖြစ်သည်။
"စာချုပ်ချုပ်တယ်ဆိုတာက လျှပ်စစ်ထုတ်လုပ်မှုကို လေ့လာနိုင်ဖို့အတွက်ပါ။ပြီးခဲ့တဲ့ ဒီဇင်ဘာ
၁၁ ရက်နေ့က စာချုပ်တယ်။ လေ့လာထားချက်တွေအရ မဂ္ဂါ၀ပ် ၂၀ ထိ ထုတ်နိုင်မယ်လို့
သိရတယ်"ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးထွန်းကြည်က
ပြောသည်။
မန္တလေးတစ်မြို့လုံးမှ တစ်ရက်စွန့်ပစ် အမှိုက်များမှာ စုစုပေါင်းတန် ၄၅၀ ခန့်ရှိပြီး ထိုအမှိုက်
များကို ကျွဲဆည်ကန်အနီးရှိ အမှိုက်ကျင်း ၁၂ ဒသမ ၅ ဧကနှင့် တောင်အင်းမြောက်အင်း
အနီးရှိ အမှိုက်ကျင်း ၂၇ ဧက တို့တွင် စွန့်ပစ်နေရကြောင်း သိရသည်။
"နွေရာသီမရောက်သေးဘူး၊ မီးက ခဏခဏ ပျက်နေပြီ။ အမှိုက်ကနေ လျှပ်စစ်ထုတ်မယ်
ဆိုတော့ ကောင်းတဲ့အစီအစဉ်ပါ။ မီတာခနှုန်းထားသာ မတက်ဖို့ အရေးကြီးပါတယ်"ဟု
မန္တလေး မြို့ခံတစ်ဦးဖြစ်သူ ကိုမင်းနိုင်က ပြောသည်။
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု အနေအထားမှာ မန္တလေးတိုင်းဒေသကြီးအတွင်း ယခင်ဓာတ်အား
သုံးစွဲသူ သုံးသိန်းနှစ်သောင်းကျော် ရှိခဲ့ရာမှ ဓာတ်အားသုံးစွဲသူ ငါးသောင်းငါးထောင်ကျော်
တိုးတက်သုံးစွဲလာခဲ့သည့်အပြင် မြစ်ရေတင်ခြင်းလုပ်ငန်းများ၊ စက်ရုံများနှင့်အခြားစက်မှု
လုပ်ငန်းများအပါအဝင် ဓာတ်အားသုံးစွဲသူ ပမာဏမှာလည်း မဂ္ဂါ၀ပ် ၃၀၀ ၀န်းကျင်မှ
မဂ္ဂါ၀ပ် ၄၀၀ ၀န်းကျင်ထိ တိုးတက်သုံးစွဲ လာကြောင်း ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး
လွှတ်တော် ပ ဉ္စမပုံမှန် အစည်းအဝေးသို့တင်ပြသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။















