မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီး မြို့နယ်၊ အောင်သုခရပ်ကွက်တွင် ယခုလ ၁၀ ရက်နေ့က
မီးလောင်ကျွမ်းရာ မီးသင့်အိမ်အတွင်းမှ အောက်ပိုင်းသေနေသော အဘိုးအိုတစ်ဦးနှင့် ဘေးချင်း
ကပ်အိမ်မှ မွေးရာပါအကြော အားနည်းနေသော ကလေးငယ်တစ်ဦးတို့အား ကယ်ထုတ်နိုင်
ခဲ့ကြောင်း သိရသည်။
"ရပ်ကွက်ထဲမှာ မီးလောင်တော့ အမြန်ပြေးလာရတယ်။ လောင်တဲ့အိမ်မှာက အောက်ပိုင်း
သေနေတဲ့ အဘိုးအိုတစ်ဦးရှိတယ်။ ပြီးတော့ကပ်လျက် အိမ်မှာလည်း မွေးကတည်းက
အကြော အားနည်းနေတဲ့ ကလေးတစ်ဦးရှိတယ်။သူတို့ကို ရပ်ကွက်နေ ပြည်သူတွေက
ကယ်လိုက်နိုင်တယ်။ "အိမ်ဆုံးရှုံးတာလောက်ပါပဲ။ တခြား အသက်ဆုံးရှုံးတာတွေ မရှိပါဘူး"
ဟု အောင်သုခရပ်ကွက်တွင်နေထိုင်သော အမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါမီးလောင်မှုသည် နံနက် ၁၀ နာရီ ၀န်းကျင်တွင် မီးကြွင်းမီးကျန်မှ စတင်လောင်ကျွမ်း
ခြင်းဖြစ်ကာ မိနစ် ၃၀ အတွင်း သွပ်မိုး၊ ထရံကာအိမ်လေးလုံး မီးသင့်လောင်ကျွမ်းခဲ့သည်။
မီးလောင်ရာသို့ မီးသတ်ကား ရှစ်စီး၊ မီးသတ်သမား တစ်ရာနီးပါးနှင့် အတူ ရပ်ကွက်သူ၊
ရပ်ကွက်သားများ ပူးပေါင်း ၍ ငြိှမ်းသတ်ခဲ့ကြသည်။
မီးစတင်လောင်ကျွမ်းခဲ့သော အိမ်ရှင် အား သက်ဆိုင်ရာ ရဲစခန်းက အမှုဖွင့် ဆောင်ရွက်လျက်
ရှိကြောင်းသိရသည်။ မီးသတ်သမားများ မီးငြိှမ်းသတ်နေ စဉ်အချိန်မှာပင် မဟာအောင်မြေ
မြို့နယ် ၃၆ လမ်း၊ လမ်း ၈၀ နှင့် ၈၁ လမ်းကြားတွင် မီးလန့်မှုတစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။
















