ငလျင်ဒဏ်ခံရသူများလှူရန် လူရွှင်တော် ၄၀ စုပေါင်းရန်ပုံငွေရှာခဲ့ကြ

ငလျင်ဒဏ်ခံရသူများလှူရန် လူရွှင်တော် ၄၀ စုပေါင်းရန်ပုံငွေရှာခဲ့ကြ

ပြီးခဲ့သော ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်က မြန်မာနိုင်ငံတွင် လှုပ်ခတ် သွားခဲ့သော
အင်အားပြင်း ငလျင်ဒဏ် ကြောင့် ဘေးဒုက္ခကြုံတွေ့နေရသူများကို ထောက်ပံ့လှူဒါန်းနိုင်ရန်
ရန်ကုန်နှင့် မန္တလေးမြို့တို့မှ နာမည်ကျော် လူရွှင် တော်များပူးပေါင်းကာ မန္တလေးမြို့တွင်း
လှည့်လည်၍အလှူခံခြင်း၊ အငြိမ့်ပွဲ ကပြခြင်းများဖြင့် ရန်ပုံငွေရှာဖွေခဲ့ကြသည်။

လူသိများထင်ရှားသော လူရွှင်တော် အနုပညာရှင်များဖြစ်ကြသော သပြေဂျာအေး၊
နှုတ်ခမ်းမွေးပါပါလေး၊ လူမော်၊ လူဇော်၊ ဗေလုဝ၊ ဘဲတော၊ ချစ်ချော၊ ပွမ် ပွမ်၊ ပန်းသီး၊ ကြယ်သီး
စသည့် လူရွှင်တော် ၄၀ ခန့် ပါ၀င်လျက် ယခုလ ၁၅ ရက်နေ့တွင် နံနက်ပိုင်းမှ စတင်ခါ
မန္တလေးမြို့တွင်း၌ လူရွှင်တော်အဝတ်အစား၊ ခေါင်းပေါင်းများဝတ်ဆင်၍ လှည့်လည် အလှူခံပြီး
နောက်၊ ညပိုင်းတွင် မန္တလေး ဘုရားကြီးဝင်းအတွင်း ရန်ပုံငွေကပွဲအဖြစ် အများပြည်သူကို
အခမဲ့ကပြဖျော်ဖြေခဲ့ကြသည်။

"ငလျင်ဒဏ်ခံခဲ့ရသူတွေကို အရင်ကတည်းက လှူချင်နေပေမယ့် ကိုယ့်တစ်ယောက်တည်းအား
နဲ့လည်း မဖြစ်ပါဘူး။ ဒီလိုအချိန်မှာ ရန်ကုန်က တခြားလူရွှင်တော်တွေကလည်း လှူချင်တယ်
ပြောလာလို့ တိုင်ပင်ပြီးတဲ့နောက် လူရွှင်တော်တွေအားလုံး စုစုစည်းစည်းနဲ့ ဒီအစီအစဉ်ကို
အကောင်အထည်ဖော်ဖြစ်တာပါ။ အခုပါ၀င်သူတွေ အားလုံးက ကိုယ့်စရိတ်ကိုယ်စားပြီး
ကူညီကြတာပါ။ အလှူအတန်း အရောက်အပေါက်နည်း တဲ့ နေရာတွေအတွက် တိုင်ပင်လှူဒါန်း
သွားပါမယ်"ဟု လူရွှင်တော်နှုတ်ခမ်းမွေး ပါပါလေးက ၎င်းတို့အဖွဲ့ အလှူခံမထွက် မီတွင်
ပြောသည်။

နာဂစ်မုန်တိုင်းဒဏ် ခံရစဉ်ကလည်း လူရွှင်တော်များစုပေါင်းကာ မန္တလေးမြို့ တွင်း လှည့်လည်
အလှူခံခဲ့ဖူးပြီး လှူဒါန်း ငွေကျပ် သိန်း ၃၀၀ ခန့်ရရှိခဲ့ဖူးကြောင်း နှုတ်ခမ်းမွေးပါပါလေးက
ဖြည့်စွက် ပြောပြသည်။

"ကျွန်တော်က အရင်ကတည်းက ပါပါလေးတို့နဲ့လက်တွဲပြီး ဒီလိုပရဟိတ အလုပ်တွေကို
တတ်နိုင်သလောက် ပါ၀င်ပံ့ပိုးပေးပါတယ်။ ဒီလိုကိစ္စရပ်တွေမှာ ပြည်သူကိုပါ၀င်လာအောင်
စည်းရုံးရာ မှာ အနုပညာရှင်တွေရဲ့ ဆွဲဆောင်အား က တခြားသူတွေနဲ့မတူဘဲ ပိုပြီးကြီးမား
ပါတယ်။ "အနုပညာရှင်တွေကလည်း စိတ်ပါလက်ပါကူညီကြတာ အားရစရာ ပါပဲ"ဟု
မန္တလေးတိုင်းဒေသကြီး ရွှေ ကုန်သည်ကြီးများအသင်းမှ အဖွဲ့ဝင် ဦးငွေကပြောသည်။

ရရှိသောအလှူငွေများအတွက် စာရင်းပိုင်းဆိုင်ရာကို သီးခြားအဖွဲ့ဖွဲ့ကာ ကိုင်တွယ်သွားမည်
ဖြစ်ပြီး လှူဒါန်းမည့်နေရာများအတွက် လူရွှင်တော်များ တိုင်ပင်လှူဒါန်းသွားမည်ဖြစ်ကြောင်း
ပါပါလေးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး