ဗုဒ္ဓဘာသာ သုဿာန်တို့၌ အထိမ်းအမှတ်အုတ်ဂူသာ ထားခွင့်ပြုမည်

ဗုဒ္ဓဘာသာ သုဿာန်တို့၌ အထိမ်းအမှတ်အုတ်ဂူသာ ထားခွင့်ပြုမည်

မန္တလေးမြို့တော်  စည်ပင်သာယာရေး ကော်မတီနယ်နိမိတ်အတွင်းရှိ ဗုဒ္ဓ ဘာသာသုဿာန်
များတွင် ဧပြီလမှ စတင်၍ မြေမြှုပ်ခွင့်မပြုတော့ဘဲ အထိမ်းအမှတ်အုတ်ဂူအဖြစ် သာခွင့်ပြုသွား
မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗုဒ္ဓဘာသာသုဿာန်များမှာ ကြာနီကန်သုဿာန်နှင့် တောင်အင်း မြောက်အင်း
သုဿာန်တို့ဖြစ်ပြီး  လက်ရှိမြေမြှုပ်ခွင့်ကို ကြာနီကန်သုဿာန်တွင်သာ ခွင့်ပြုထားသည်။

"သုဿာန်နဲ့ဆက်စပ်နေတဲ့ မြေနေရာတွေဖြစ်တဲ့ စိုက်ပျိုးမြေတွေကို သုဿာန်မြေအဖြစ်
သတ်မှတ်ဖို့ကလည်း အခက်အခဲရှိတယ်။ လက်ရှိအုတ်ဂူတွေကို လေးပေ၊ ခြောက်ပေ
သတ်မှတ်ပေးထားတယ်။ ဒီအတိုင်းပဲ ဆက်လုပ်နေမယ်ဆိုရင် သုဿာန်မြေက ပြည့်သွား
နိုင်တယ်။ ဒါကြောင့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်ကစပြီး မြေမြှုပ်ခွင့်မပြုတော့ဘဲ  အရိုးပြာမြုှပ်ဖို့
နှစ်ပေပတ်လည် အထိမ်း အမှတ်အုတ်ဂူအဖြစ်သာ တည်ဆောက် ပေးသွားမှာပါ"ဟု
မြို့တော်စည်ပင်၊ သန့်ရှင်းရေးဌာနမှဌာနစုမှူး ဦးမင်းအောင်ဖြိုးက ပြောသည်။

တည်ဆောက်မှုကို ထောက်ကြန့်ရှိ အင်္ဂလိပ်စစ်သချိုင်းပုံစံကို နမူနာယူသွားမည်ဖြစ်ကြောင်း၊
နေရာအကျယ်အဝန်းချုံ့ပြီး  နှစ်ပေပတ်လည် အုတ်ခုံပါ ကျောက်ပြားဖြင့် ပြုလုပ်နေရာချပေးနိုင်
ရန် စီစဉ်နေကြောင်းသိရသည်။

ယခင်အစီအစဉ်အရ မြေမြှုပ်မည် ဆိုပါက စည်ပင်သာယာသို့ မြေတန်ဖိုး နှစ်ပေ၊ လေးပေ
အတွက် ကျပ် နှစ်သိန်း ပေးဆောင်ရပြီး ယခုအစီအစဉ်အရ အထိမ်းအမှတ် အုတ်ဂူအတွက်
ကိုမူ အသက်သာဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

ကြာနီကန်သုဿာန်တွင် အထိမ်းအမှတ်အုတ်ဂူ ၃,၇၄၄ လုံး နှင့် တောင် အင်းမြောက်အင်း
သုဿာန်တွင် အုတ်ဂူ ၂,၀၈၀ ထိ ထားရှိသွားမည်ဖြစ်သည်။ အဆိုပါအထိမ်းအမှတ်အုတ်ဂူ
တည်ဆောက်သည့်နေရာများတွင် အရိပ်ရအပင်များနှင့် အလှပန်းပင်များ စိုက်ပျိုး ပြုစုနိုင်ရန်
ခန့်မှန်းကုန်ကျငွေ ကျပ် သိန်းငါးရာကျော်ထိ လျာထားကြောင်း သိရသည်။

ကြာနီကန်သုဿာန်ဧရိယာမှာ မြေ ဧက တစ်ရာကျော်ရှိပြီး ဧကငါးဆယ် ကျော်ထိ သုံးစွဲထား
ရှိပြီးဖြစ်ကာ မြေမြှုပ် အုတ်ဂူပေါင်း ငါးရာကျော်ထိရှိကြောင်း သန့်ရှင်းရေးဌာနစာရင်းများအရ
သိရသည်။

မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်းရှိ   သု ဿာန်များတွင်
မီးသဂြိုဟ်ခ လူကြီး ကျပ် တစ်သောင်းခြောက်ထောင်နှင့် ကလေး ကျပ်ရှစ်ထောင်ထိ
ပေးဆောင်ရကာ ကြာနီကန်သုဿာန်တွင် တရုတ်နိုင်ငံလုပ် မီးသင်္ဂြိုဟ်စက်နှစ်လုံး၊
တောင်အင်း မြောက်အင်းသုဿာန်တွင် တရုတ်နိုင်ငံလုပ် စက်လေးလုံးတို့ တပ်ဆင်ထားပြီး
လောင်ကျွမ်းအားပြင်းပြင်းဖြင့် ရုပ်အလောင်းတစ်ခုလျှင် မိနစ် ၂၀ နှုန်းဖြင့် သင်္ဂြိုဟ်ပေး
နေပြီး ခန္ဓာကိုယ်အရွယ် အစားအလိုက် ဒီဇယ်ဆီ နှစ်ဂါလန်မှ အများဆုံး ငါးဂါလန်ထိ
သုံးစွဲရကြောင်း   ဦးမင်းအောင်ဖြိုးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး