မင်္ဂလာလက်ဖွဲ့ထုပ်ပိုးမှုလုပ်ငန်းများ တွင်ကျယ်လျက်ရှိ

မင်္ဂလာလက်ဖွဲ့ထုပ်ပိုးမှုလုပ်ငန်းများ တွင်ကျယ်လျက်ရှိ

မန္တလေးမြို့တွင် အလှူ၊ မင်္ဂလာဆောင် များအတွက် လက်ဖွဲ့ပစ္စည်းပေးရာတွင် အဆင်ပြေစေရန်
မင်္ဂလာဆောင် လက်ဖွဲ့ထုပ်ပိုးမှု ၀န်ဆောင်ပေးခြင်းလုပ်ငန်းမှာ လူသိများလာကာ ပိုမိုခေတ်စား
လာကြောင်း မင်္ဂလာလက်ဖွဲ့ထုပ်ပိုးမှု လုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

လွန်ခဲ့သည့် ၁၅ နှစ်ခန့်မှစတင်၍ လုပ်ကိုင်ခဲ့သော်လည်း ယခုနှစ်ပိုင်းအတွင်းတွင် ထိုကဲ့သို့
၀န်ဆောင်ပေးခြင်းလုပ်ငန်း လုပ်ကိုင်သူများပြားလာပြီး၊ သုံးစွဲသူများလည်း ပိုမိုများပြားလာကာ
ဈေးကွက်အနေအထားအရလည်း ခိုင်မာလာပြီဖြစ်ကြောင်း အဆိုပါ လုပ်ငန်း လုပ်ကိုင်သူ
တစ်ဦးဖြစ်သူ မမီးငယ်က ပြောသည်။

"ဒီဝန်ဆောင်မှု ပေးတဲ့လုပ်ငန်းကရန်ကုန်မြို့မှာ အရင်ပေါ်တာပါ။ နောက်မှ မန္တလေးမြို့မှာ တစ်ဦး၊
နှစ်ဦး စလုပ်ရင်းနဲ့ လုပ်ဖြစ်လာတာ အခုတော့ လုပ်တဲ့သူတွေ တော်တော်များများရှိနေ ပါပြီ။
"အဓိကတော့ မင်္ဂလာဆောင်အတွက် ရည်ရွယ်ပေမယ့်လည်း၊ ကထိန်ရာသီမှာ ကထိန်ခင်းတဲ့
ပစ္စည်းတွေ ထုပ်ပိုးဖို့ အတွက်လည်း လာအပ်တဲ့သူတွေရှိ တယ်၊ မင်္ဂလာဆောင်သွားရင်
ကိုယ်ပေး မယ့်ပစ္စည်းကို အလွတ်ကြီးကိုင်သွားရင် သိပ်အဆင်မပြေဘူးလေ၊ ဒီလိုမျိုး
ပါဆယ်ထုပ်ပြီးသွားတော့ ပိုပြီးအဆင်ပြေတာပေါ့"ဟု ၎င်းက ပြောသည်။

ဈေးနှုန်းအားဖြင့်လည်း လာအပ်သည့်ပစ္စည်းတန်ဖိုးအနည်းအများ၊ ဆိုက်် အကြီးအသေးပေါ်
မူတည်၍ဈေးနှုန်း များ ပြောင်းလဲမှုရှိပြီး၊ ထုပ်ပိုးရသည့် လက်ဖွဲ့ပစ္စည်းအများစုမှာ တရုတ်နိုင်ငံ
မှလာသော ပစ္စည်းများဖြစ်သောကြောင့် အဆိုပါပစ္စည်းများ ဈေးပြောင်းလဲမှုပေါ်မူတည်၍
ဈေးနှုန်းလိုက်လံပြောင်းလဲမှုရှိကြောင်း မမီးငယ်က ပြောပြသည်။

"ဈေးနှုန်းက ပုံသေပြောလို့မရဘူး။အများစုလက်ဖွဲ့ပေးကြတာက တရုတ်နိုင်ငံကလာတဲ့
ကြွေပန်းကန်တို့၊ ထမင်းစားပန်းကန်လုံးတို့ပေါ့။ ဒီပစ္စည်းတွေ ဈေးနှုန်းအလိုက် ကျွန်တော်
တို့ကလည်း ဈေးပြောင်းသွားမှာပါ။ အမြတ်တော့ အများကြီး မတင်ထားပါဘူး။ အရင်ဆုံး
ပစ္စည်းတန်ဖိုးတွက်တယ်၊ ပြီးရင် ဆိုဒ်အနေနဲ့ လက်မတွက်တယ်။ ပြီးမှ ဈေးနှုန်းသတ်မှတ်
တာပါ။  ခုနစ်လက်မ ဆိုက်ရှိတယ်၊ ၁၀ လက်မ ဆိုက်ရှိတယ်။ ခုနစ်လက်မ ဆိုက်ဆိုရင်
ဖောက်သည်ဈေး ၅၅၀-၆၀၀  အထိရှိတယ်"ဟု ၎င်းက ပြောသည်။

သို့ရာတွင် တစ်နှစ်ပတ်လုံးအလုပ် ဖြစ်နေခြင်းမဟုတ်ဘဲ ရာသီအလိုက်သာ လုပ်ငန်းအဆင်ပြေ
နေပြီး၊ အဓိကအားဖြင့် မင်္ဂလာဆောင်ပွဲအများဆုံးပြုလုပ်ကြသော သီတင်းကျွတ်နှင့် တပို့တွဲ
လအကြားကာလများတွင် ပိုမိုအလုပ် တွင်ကျယ်ကြောင်း အလားတူလုပ်ငန်း လုပ်ကိုင်သူ
တစ်ဦးကပြောသည်။

"သေချာတာကတော့ ခြောက်လနား ပြီး ခြောက်လလုပ်ရတဲ့လုပ်ငန်းပါ။ နတ်ပွဲ ရာသီဖြစ်တဲ့
နတ်တော်လနဲ့ပြာသိုလတွေ မှာတော့ အရောင်းထိုင်းပါတယ်။ တစ်ခါ ၀ါတွင်းလေးလ နားရ
တယ်"ဟု ၎င်းက  ပြောသည်။

အဆိုပါလုပ်ငန်း ဈေးကွက်ခိုင်မာမှု  ကြောင့် အဓိကကုန်ကြမ်းဖြစ်သော ချပ်ဖာစက္ကူရောင်း
၀ယ်သည့်လုပ်ငန်း များမှာလည်း ပိုမိုအရောင်းအဝယ် တွင်ကျယ်လာကြကြောင်း၊ စက္ကူပုံး
တစ်ပုံး၏ဈေးနှုန်းမှာမူ ၈၅ ကျပ်မှ ကျပ်၂၀၀အထိ ရှိကြောင်း ၎င်းက ပြောသည်။

"အဓိကဝယ်တာကတော့ ပုလင်းဝင်း ရပ်ကွက်က ချပ်ဖာစက္ကူရောင်းတဲ့ဆိုင် တွေနဲ့ ချပ်ဖာ
ရောင်းတဲ့ဒိုင်တွေကပါ။ကိုယ်နဲ့အဆင်ပြေမယ့် ဆိုင်တွေက ဖောက်သည်ထားပြီးဝယ်ပါတယ်"ဟု
အဆိုပါလုပ်ငန်းရှင်က ပြောသည်။

လက်ဖွဲ့ပစ္စည်း အဆင်သင့်ထည့်ရန်၊ အသင့်ပြုလုပ်ပြီး ပါကင်ဘူးများကိုလည်း နယ်မြို့များသို့
ဖြန့်ဖြူးမှုများရှိပြီး မန္တလေးမြို့ပတ်ဝန်းကျင်ရှိ မြို့များအပြင် လားရှိုးမြို့၊ တောင်ကြီးမြို့၊ အောင်ပန်း
မြို့ နှင့် လွိုင်ကော်မြို့များမှလည်း ၀ယ်ယူကြကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး