ရွှေအမြုတေမဂ္ဂဇင်းထဲမှာ လစဉ်ရွေးချယ် ဖော်ပြခြင်းခံခဲ့ရတဲ့ ရသစာတမ်း တွေကို ကောက်နုတ်
စုစည်းထားတဲ့ စာအုပ်ဖြစ်ပါတယ်။
ဒီစာအုပ်ထဲက ရသစာတမ်းတွေဟာ ရွှေအမြုတေမဂ္ဂဇင်းထဲမှာ ဖော်ပြခံရပြီး ဖြစ်တဲ့စာမူတွေ
ဖြစ်တာကြောင့် စာဖတ်သူရဲ့အာရုံကို ဆွဲဆောင်နိုင်ဖို့အတွက်တော့ သံသယဖြစ်စရာမလိုပါဘူး။
ရသစာတမ်းတွေထဲက စာရေးဆရာတွေ ခြယ်မှုန်းထားတဲ့ ရသမျိုးစုံဟာ ၀တ္ထုနဲ့ကွဲပြားတဲ့အလှ
နဲ့ ဖတ်ရှုသူတွေကို စွဲမက်သွားစေပါလိမ့်မယ်။
"၀တ္ထုတစ်ပုဒ်ကို ချရေးနိုင်ကောင်း ရေးနိုင်မှာဖြစ်ပေမယ့် ထူးခြားပြောင် မြောက်တဲ့ ရသစာတမ်း
တစ်ပုဒ် ထွက် ပေါ်လာဖို့ကတော့ လေ့လာမှုအား ကောင်းရမှာဖြစ်သလို တင်ပြပုံလည်း စိတ်ဝင်
စားဖွယ်ရာဖြစ်ဖို့လိုတာကြောင့် စာရေးဆရာအတော်များများက ရသ စာတမ်းကိုတော့ မရေး
ဖြစ်ကြပါဘူး။ ဒါကြောင့် ရသစာတမ်းများဟာ မြန်မာ စာပေလောကမှာ ရှားပါးတဲ့စာပေအမျိုး
အစားတစ်ခုဆိုရင် မှားမယ်မထင်ပါဘူး။
ရသစာတမ်းရှင်များ သူတို့အတွေး အခေါ်၊ အယူအဆများကို စိတ်ဝင်စား ဖွယ်ရာ တင်ပြရုံသာ
မက စာဖတ်သူက ဆက်ပြီးတွေးနိုင်အောင် တင်ပြပုံများ ဟာ စာဖတ်သူအတွက် စာပေအာဟာရ
ကောင်းကောင်းတစ်ခုကို စားသုံးလိုက်ရသလိုပါပဲ.."လို့ ရွှေအမြုတေရဲ့ ပဲ့ကိုင်သူတစ်ဦးဖြစ်တဲ့
ဆရာဝင်းငြိမ်းက ရသစာတမ်းတွေနဲ့ပတ်သက်ပြီး ညွှန်း ထားပါတယ်။
တစ်မျိုးစီလှနေတဲ့ ရေးဟန်နဲ့ စကား လုံးအသုံးအနှုန်း၊ စုံလင်တဲ့အကြောင်း အရာတွေနဲ့ ရသ
စာတမ်းတွေအဖြစ် ဒီ စာအုပ်မှာ ရသစာတမ်းပေါင်း ၁၈ ပုဒ် ပါ၀င်ထားပါတယ်။ စာအုပ်ရဲ့ရှေ့ပိုင်း
မှာ မောင်ရင့်မာ (ကျောင်းကုန်း) ရဲ့ '၀န် ချတောင်'၊ ကိုငြိမ်း (မန္တလေး) ရဲ့ 'ပုစဉ်း လေးရေ'၊
လေးကိုတင်ရဲ့ 'တောဘုရားပွဲမှာ သမင်ဖနောင့်ကလေးနဲ့'၊ မင်းချမ်းမွန်ရဲ့ 'စာဖတ်သော တောင်
တန်းများ'၊ မောင်နှင်းပန်းရဲ့ 'လွတ်မြောက်ချင်သူ'၊ ခင်မောင်ဇော်ရဲ့ 'ပန်းခူးထွက်ည ဆောင်း
အမော'၊ ၀င်းထွဋ်ဇော်ရဲ့ 'ဆေတန်နတ်ဆိုး ကတဲ့ညဉ့်'၊ သင်းမြစန္ဒီရဲ့ 'သစ်လွင်သော ယဉ်ကျေးမှု'၊
မသီတာ (စမ်းချောင်း) ရဲ့ 'ဧည့်ခရီးနှင့် အိမ်ခရီး'နဲ့ နတ်မှူးရဲ့ '၀ိမုတ္တိ ပင့်ကူမျှင်'တို့ ပါ၀င်
ထားပါတယ်။
"ကျွန်တော့် အတွေ့အကြုံအရတော့ ရသစာတမ်းဆိုတာ ၀တ္ထုလို ဇာတ်လမ်း မပါသည့်တိုင်
အောင် စာရေးသူက သူ ပြောချင်တဲ့ အကြောင်းအရာတစ်ခုကို သူ့အတွေးအခေါ်နဲ့ စာဖတ်သူ
ဆက်လက် တွေးဆနိုင်အောင် တစ်စုံတစ်ခုသော သတင်းစကားပါး လိုက်တဲ့စာစုလို့ မှတ်ယူ
ပါတယ်"လို့ ဆရာဝင်းငြိမ်းက ဆက်ပြောထားပါတယ်။
ဒီလိုပြောထားတဲ့အတိုင်းပဲ အခုရသ စာတမ်းတွေထဲမှာ စာရေးသူတွေရဲ့ အတွေ့အကြုံကိုရေး
ထားတဲ့ ရသစာတမ်း၊ အတွေးအခေါ်တွေကို တင်ပြထားတဲ့ရသစာတမ်း၊ စာရေးသူ ကိုယ်တိုင်
မဟုတ်ဘဲ တခြားတစ်စုံ တစ်ယောက်ရဲ့အဖြစ်အပျက်ကို ၀တ္ထု ပုံသဏ္ဌာန် တင်ပြထားတဲ့ရသ
စာတမ်းတွေကို နှစ်ခြိုက်ဖွယ်တွေ့ရမှာဖြစ်သလို ကဗျာတစ်ပုဒ်ကို ဖတ်လိုက်ရသလို လှပ
ချစ်စရာကောင်းတဲ့ ရသစာတမ်းတွေကိုလည်း ဖတ်ရှုရမှာပါ။
စာအုပ်ရဲ့နောက်ပိုင်းမှာ ရွှေနောင်ရိုး (မန္တလေး) ရဲ့ 'လွမ်းဖွယ်နွေ အမေနှင့် ရွာမွန်သာမှ ပြန်လာ
ခြင်း'၊ ရွှေကူမေ နှင်းရဲ့ 'ဘဝရသ'၊ ဇော်ထွဋ်ရဲ့ 'နားလည် ခြင်းနှင့် နားမလည်ခြင်း အနုပညာ'၊
ဇော်ခိုင်ဦးရဲ့ 'အတွေးဖိတ်စာ'၊ မောင် ခိုင်လတ်ရဲ့ 'အသုည ကောင်းကင်'မြေလတ်မောင်မြင့်သူ
ရဲ့ 'အမှိုက်လှည်း ခြင်း အနုပညာ'၊ နောင်ကျော်ရဲ့ 'ဘဝ ပုခုံးဖြင့် ထမ်းရသောစကားလုံး'နဲ့
ပန်း ရိပ်ဖြူရဲ့ 'စောင့်စားသူ' တို့ ပါ၀င်ထား ပါတယ်။
စာအုပ်အဖွင့်အပုဒ်ဖြစ်တဲ့ '၀န်ချ တောင်'ကို စတင်ဖတ်ရှုပြီးတာနဲ့တင် နောက်က ရသ
စာတမ်းတွေကို တစ်ဆက်တည်း ဆက်ဖတ်ချင်စိတ် ဖြစ်ပေါ် သွားစေမယ့် ဒီစာအုပ်ကို
ငွေလစာပေကနေ ၂၀၁၂၊ နိုဝင်ဘာလမှာ ပထမအကြိမ် အုပ်ရေ ၅၀၀ ထုတ်ဝေထားပြီး
တန်ဖိုးကျပ် ၂,၀၀၀ ဖြစ်ပါတယ်။
















