ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် မိုင် ၂၀ ခန့်အကွာ ဧရာဝတီမြစ်ကမ်းဘေးရှိ တာလောကြီးရွာ
တွင် အခြေအနေပေးပါက ပြည်သူ့စစ်သင်တန်း ထပ်မံပေးဦးမည်ဖြစ်ကြောင်း အဆိုပါရွာရှိ
ပြည်သူ့စစ်နာယက ဦးဆန်းဝင်းက ပြောသည်။
ယခုနှစ်ဇန်နဝါရီလတွင် ပြည်သူ့စစ် သင်တန်းကို ဒုတိယအကြိမ်မြောက် ပေးခဲ့ပြီးဖြစ်ကြောင်း၊
ပထမအကြိမ်ကို ယမန်နှစ်မေလတွင် စတင်ခဲ့ပြီး လက်နက်နှင့်ငြိမ်းချမ်းရေးယူပြီး ပြန်လာ
သည့်လူငယ်များဖြင့် ပြည်သူ့စစ်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
"အနီးအနားက ရွာလေးရွာလည်း သင်တန်းပေးကြပါတယ်။ ဒီသင်တန်းတွေက ရပ်ရွာကာကွယ်
ဖို့အတွက်ပဲ ရည်ရွယ်တာ။ ရှမ်းလူမျိုးတွေ အေးအေး ဆေးဆေး လုပ်ကိုင်စားသောက်နိုင်
အောင် ဆောင်ရွက်ဖို့ပဲရည်ရွယ်ခဲ့တာ ပါ" ဟု ဦးဆန်းဝေက ဆိုသည်။
တာလောကြီးတွင် အဓိကအားဖြင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြပြီး ယခုအချိန်၌ စိုက်ပျိုး
ရေးနှင့် လုံခြံုရေးကို အလှည့်ကျစနစ်ဖြင့် ဆောင်ရွက်နေကြကြောင်း ၎င်းက ဆိုသည်။
"လူအင်အား ၂၅၀ လောက်ရှိပါတယ်။ ဒီနှစ်ဆန်းလောက်က ဖွဲ့ထားခဲ့တာပါ။ ဒီလိုမျိုး ကိုယ့်
ရပ်ရွာကလူငယ်တွေနဲ့ ပြည်သူ့စစ်ဖွဲ့ထားတဲ့ ရွာတွေက ရှမ်း၊ ဗမာရွာတွေပဲ ဖွဲ့ကြတာပါ။
အခုဆိုရင် လက်နက်ကိုင်တွေ ကျွန်တော်တို့ကို မထိရဲဘူး။ အရင်တုန်းက ကျွန်တော်တို့ရွာကို
နောက်ခံထားပြီး လက်နက်ကိုင်တပ်ဖွဲ့ စစ်တပ်နဲ့စစ်ဖြစ်ကျတော့ ကျွန်တော်တို့ရွာနာပါတယ်"ဟု
ဧရာဝတီမြစ်ကမ်း ဘေးမှ ရှမ်းရွာတစ်ရွာမှ အမည်မဖော်လို သူတစ်ဦးက ပြောသည်။
ကချင်ပြည်နယ်တွင် တိုင်းရင်းသား လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြပြီး ခရိုင် လေးခု၊ မြို့နယ်
၁၈ ခု၊ မြို့နယ်ခွဲ ၁၁ ခု ဖြင့် ဖွဲ့စည်းထားကာ လူဦးရေ ၁၆ သိန်း ကျော် ရှိသည့်အနက် ကချင်
တိုင်းရင်းသား ငါးသိန်းကျော်၊ ဗမာ လေးသိန်းကျော်၊ ရှမ်း သုံးသိန်းကျော်နှင့် အခြား
တိုင်းရင်းသား လူမျိုးသုံးသိန်းကျော် နေထိုင်လျက် ရှိကြောင်း သိရသည်။
















