မန္တလေးမြို့တွင်းရှိ ကုန်တင်ကားဂိတ် များသည် ပြည်ကြီးမင်္ဂလာကုန်တင် ယာဉ်ရပ်နားစခန်းသို့
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးထား ရွှေ့ပြောင်းရ မည်ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန်
စည်ပင်သာယာရေးဝန်ကြီးဌာနဝန်ကြီး ဦးအောင်မောင်းက ပြောကြားသည်။
"ပြည်ကြီးမင်္ဂလာ ကုန်တင်ယာဉ် ရပ်နားစခန်းအနေနဲ့လည်း လိုအပ်သမျှ ပြည့်ပြည့်စုံစုံဖြစ်စေ
ရေးအတွက် ရေ၊ မီးကအစ၊ လမ်းအရည်အသွေးကအစ အားလုံးပြည့်စုံအောင် ကော်မတီ
အနေနဲ့ ဆောင်ရွက်ခဲ့တဲ့အတွက်ကြောင့် ဒီအခြေအနေထိအောင် ကြာလာခဲ့တာ ဖြစ်ပါတယ်။
"ရှေးဦးစွာ ကျွန်တော်စတင်ပြီးတော့ လက်ခံရယူစဉ်ကအတိုင်း ချက်ချင်းရွှေ့ရွှေ့ဆိုပြီးတော့
လုပ်လိုက်လို့ရှိရင် တခြားအဆင်မပြေမှုတွေ အများကြီး ဖြစ်လာနိုင်တယ်ဆိုတာ မြင်ထားပြီး
ကော်မတီဝင်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးတော့ လိုအပ်ချက်တွေကို ဖြည့်ဆည်း ဆောင်ရွက်ခဲ့
ပါတယ်။ အခုဆိုရင်တော့ အခန်းတွေလည်း ပြည့်စုံပြီ။ နေရာတွေလည်း ပြည့်စုံပြီ။
ဂိုဒေါင်တွေကလည်း အဆင်သင့် ဖြစ်နေပြီဖြစ်တဲ့အတွက် ကြောင့်မို့လို့ ပြည်ကြီးမင်္ဂလာ
ကုန်တင် ယာဉ်ရပ်နားစခန်းကို ကုန်တင်ဂိတ်တွေက လာမဲ့ ဖေဖော်ဝါရီလ ၅ ရက်ကနေ ၁၅ ရက်
အတွင်း၊ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ရွှေ့ရပါမယ်"ဟု မန္တလေးမြို့တော်ဝန် ဦးအောင်မောင်းက
ပြောသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသည် ပြည်ကြီးမင်္ဂလာ ကုန်တင်ယာဉ်ရပ်နား
စခန်းတွင် ၂၅ ပေ၊ ပေ ၆၀ရှိ အာရ်စီနှစ်ထပ်ကွန်ကရစ် အခန်းပေါင်း ၁၅၀ ကို စတင်ဆောက်လုပ်
ခဲ့ကြောင်း၊ ဂိတ်ခန်းတစ်ခန်းလျှင် ကျပ် သိန်း ၁,၃၅၀ ဖြင့်ရောင်းချပြီး ကျပ်ခုနစ် သိန်းဖြင့် ငှားရမ်း
ခွင့်ပြုခဲ့ကြောင်း၊ အဆိုပါ ကုန်တင်ဂိတ်ခန်း ၁၅၀ အနက် ၁၂ ခန်းကိုသာ ကုန်တင်ဂိတ်များက
၀ယ်ယူခဲ့ကြောင်း၊ ကျန်ဂိတ်ခန်းများကို ကုမ္ပဏီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များကသာ ၀ယ်ယူခဲ့
သည်ကို တွေ့ရကြောင်း မန္တလေးမြို့တော်ဝန် ဦးအောင်မောင်းက ပြောသည်။
"ပထမတည်ဆောက်ခဲ့တဲ့ ကုန်တင် ခန်းတွေရဲ့တန်ဖိုးဟာများတယ်။ တန်ဖိုး နည်းကုန်ဂိတ်တွေ
တည်ဆောက်ဖို့ တင်ပြလာတာရယ်၊ ကုန်တင်ဂိတ်တွေကလည်း လက်ရှိအခန်းနဲ့ မလုံလောက်
တာရယ်ကြောင့် ကော်မတီအနေနဲ့ ပြည်ကြီးမင်္ဂလာ ယာဉ်ရပ်နားစခန်းမှာ ကုန်တင်ဂိတ်ခန်း
ပေါင်း ၁၃၉ ခန်း ထပ်မံ ဆောက်လုပ်ခဲ့ပါတယ်။ အခုထပ်မံ ဆောက်ခဲ့တဲ့ ကုန်တင်ဂိတ်ခန်း ၁၃၉
ခန်းကို တစ်ခန်း ကျပ်သိန်း ရ၀၀ နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။
ငှားရမ်းလို ရင်လည်း တစ်ခန်းကို ကျပ်သုံးသိန်းနဲ့ ငှားရမ်းမှာဖြစ်ပါတယ်။ ကျွန်တော် တို့စတင်
ဆောက်လုပ်ကတည်းက တန်ဖိုးနည်း အနေနဲ့ ဆောက်လုပ်ခဲ့တဲ့ အတွက်ကြောင့်မို့ လက်ရှိ
သတ်မှတ်ထားတဲ့ ကုန်ဂိတ် ခန်းတန်ဖိုးတွေကို ဈေးနှုန်း လျှော့ချပေးလို့မရပါဘူး"ဟု မန္တလေး
မြို့တော်ဝန် ဦးအောင်မောင်းက ပြောသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အခွန်ဌာနမှူးဦးအောင်စိုးက လည်း "ဒီကုန်ဂိတ်
ခန်းတွေကို အမှန် တကယ်လုပ်မယ့်လုပ်ငန်းရှင်တွေကိုပဲ ရောင်းချခြင်း၊ ငှားရမ်းခြင်းပြုသွားမှာ
ဖြစ်ပါတယ်။ ဒီကုန်ဂိတ်ခန်းတွေမှာ တခြားဘယ်လုပ်ငန်းကိုမှ လုပ်ကိုင်ခွင့်ပြု မှာ မဟုတ်ပါဘူး။
ဒါကြောင့် ကုန်ဂိတ် လုပ်ငန်းရှင်တွေအနေနဲ့ သတ်မှတ် ကာလအတွင်း ရွှေ့ပြောင်းနိုင်ရေး
အတွက် အခွန်ဌာနကို ဆက်သွယ်ပြီးတော့ အမှန်တကယ်လုပ်လိုသူတွေ အဆောက်အအုံဌာန
ကို ငွေသွင်းပြီးတော့ အခန်းရောင်းချခြင်း၊ ငှားရမ်းခြင်းတွေ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါ
တယ်"ဟု ဇန်နဝါရီလ ၁၇ ရက်နေ့က ပြုလုပ်သော ပြည်ကြီးမင်္ဂလာ ကုန်တင်ယာဉ်ရပ်နားစခန်း
သို့ ကုန်တင်ဂိတ်များ ပြောင်းရွှေ့ဖွင့်လှစ်ရန်နှင့် ကုန်တင်ဂိတ်များ ၀ယ်ယူငှားရမ်းရေး တွေ့ဆုံ
ဆွေးနွေးပွဲတွင် ပြောသည်။
မန္တလေးမြို့တွင်းမှ ကုန်တင်ဂိတ်များ သည် ပြည်ကြီးမင်္ဂလာကုန်တင်ယာဉ် ရပ်နားစခန်းသို့
ဖေဖော်ဝါရီလ ၁၅ ရက် နေ့နောက်ဆုံးထားပြောင်းရွှေ့ရန်ညွှန် ကြားထားသော်လည်း ပြောင်း
ရွှေ့မည် မဟုတ်ကြောင်း မန္တလေးတိုင်းဒေသကြီး အဝေးပြေးကုန်စည်ပို့ဆောင်ရေးနှင့်
၀န်ဆောင်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးခင်မောင်ဌေးက ပြောသည်။
"တန်ဖိုးနည်းဆိုင်ခန်းဆိုပြီးတော့ သူ တို့ပြောတယ်။ ပေ ၂၀နဲ့ ပေ ၄၀ ခန်းကို စည်ပင်က
စာရင်တင်ခိုင်းတုန်းက တစ် ခန်းကို ကျပ်သိန်း ၂၅၀ နဲ့ ၃၀၀ ကြား တင်ထားတယ်။ သူတို့က
တစ်ခန်းကို ကျပ် သိန်း ရ၀၀ လို့ပြောတယ်။ ဒါက ရောင်းမှာဝယ်မှာ။ ငှားမယ့်အပိုင်းကလည်း
တစ်လကို တစ်သိန်းခွဲတင်ထားတယ်။ သူတို့က သုံးသိန်းပြောတယ်။ အဲဒီတော့ ဘယ်လိုမှ
အဆင်မပြေနိုင်ဘူး။ အန်ကယ်တို့ လိုချင်တဲ့နှုန်းထားမရရင် မပြောင်းဘူး။ ကိုယ့်နေရာမှာပဲ
ကိုယ်နေမယ်"ဟု ၎င်းက ပြောသည်။
"ရန်ကုန်က တန်ဖိုးနည်းစီမံကိန်းတစ် ခုမှာ ကျပ်သိန်းနှစ်ရာနဲ့ ရောင်းတာကို ဆောက်လုပ်
ရေးလုပ်ငန်းရှင်တွေနဲ့ ပြည် သူတွေက လက်မခံပါဘူး။ သိန်းနှစ်ရာက တန်ဖိုးနည်းမဟုတ်
ပါဘူးဆိုပြီး ငြင်းတယ်။
"ဒီလိုဖြစ်နေတဲ့အချိန်မှာ ကျပ် သိန်း ရ၀၀ ကို တန်ဖိုးနည်းလို့ ပြောလို့ ရမလား။ ကျွန်တော်
တို့ အသင်းအနေနဲ့လည်း ငှားဖို့ကို ဦးမတည်ဘူး။ သူတို့က ကားကြီး ကွင်းထဲက ဂိတ်တွေ
မရှိပြီးရောဆိုပြီး တောင်းတဲ့ဈေးနဲ့ ပြောင်းပေးလိုက်မယ်။ ဟိုရောက်ပြီး တစ်နှစ်ပြည့်ပြီးမှ
နှစ်သိန်း၊ သုံးသိန်းပြောမယ်။ မငှားတော့ဘူး။ ၀ယ်မှဖြစ်မယ်ဆိုရင် ကျွန်တော်တို့ ဘယ်
လိုလုပ်မလဲ။ ငှားမယ်ဆိုရင်လည်း နှစ်ရှည်ငှားမှ ငှားနိုင်မယ်။ အဓိကက ၀ယ်ဖို့ပဲဦးတည်
တယ်။ ၀ယ်တာလည်း အရစ်ကျနဲ့မှ ၀ယ်နိုင်မယ်"ဟု တွဲဖက်အ တွင်းရေးမှူး(၁)
ဦးအောင်ဇော်ညိုက ပြောသည်။
ပြည်ကြီး မင်္ဂလာကုန်တင်ယာဉ် ရပ်နားစခန်းသည် မန္တလေးမြို့တွင်းရှိ ကုန်တင်ကားဂိတ်
များနှင့် ညှိနှိုင်းခြင်းမရှိဘဲ တစ်ဖက်သက်ဆောင်ရွက်ခဲ့သော စီမံကိန်းဖြစ်ကြောင်း မန္တလေး
တိုင်းဒေသကြီး အဝေးပြေးကုန်စည်ပို့ဆောင်ရေးနှင့် ၀န်ဆောင်မှုလုပ်ငန်းရှင်များ အသင်း
ဥက္ကဋ္ဌ ဦးခင်မောင်ဌေးက ပြောသည်။
"အန်ကယ်တို့အသံကို နားမထောင် ဘဲနဲ့ တစ်ဖက်သတ်ရေးဆွဲထားတဲ့ စီ မံကိန်းကို
လက်မခံနိုင်ပါဘူး။ ပြည်သူကို ဘာမှအသိမပေးဘဲ သူတို့ဘာသာသူတို့ စီမံကိန်းတွေ
ရေးဆွဲတယ်။ သူတို့ဘာသာ သူတို့ ပြောင်းရွှေ့ရက်ကို သတ်မှတ် တယ်။ အဲဒါကို
အန်ကယ်တို့က ဘယ်လို လက်ခံရမှာလဲ"ဟု ဦးခင်မောင်ဋ္ဌေးက ပြောကြားသည်။
"အခုဟာက ဂိတ်လုပ်ငန်းရှင်တွေကို ခိုင်းသလိုဖြစ်နေတယ်။ ဒီချမ်းမြရွှေပြည် ကားကြီး
ကွင်း တည်တုန်းကလည်း တောကြီး။ ဒီကားကြီးကွင်းတည်လိုက်တော့ အိမ်ခြံမြေဈေး
တွေ တက်လာတယ်။ စည်ကားလာတော့ ကြပ်တယ်ဆိုပြီး ဖယ်ခိုင်းပြန်ရော။ အခု
ပြောင်းလည်း ကြပ်ဦးမှာပဲ။ လုပ်စားသလိုဖြစ်နေတယ်"ဟု ဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့်
ကပြောသည်။















