မန္တလေးမြို့ကိုအခြေပြု၍ ရှေ့နေများ ကွန်ရက် (အထက်မြန်မာနိုင်ငံ) ကို တရားဝင်ဖွဲ့စည်းနိုင်
ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း တရားလွှတ်တော်ရှေ့နေကြီး တော်ဝင်ဦးခင်မောင်သန်း
က ပြောသည်။
"ရှေ့နေများကွန်ရက် (အထက်မြန်မာ နိုင်ငံ)ရဲ့ အခြေခံအဖွဲ့အစည်းကို မန္တလေး မှာ အခြေပြု
ပြီး ယာယီဖွဲ့စည်းထားပါ တယ်။ ဒီအဖွဲ့ကနေ တစ်နိုင်ငံလုံးအတိုင်း အတာအနေနဲ့ ယာယီ
ဖွဲ့စည်းမယ်။ ကွန်ရက်တွေကတစ်ဆင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ရှေ့နေများကောင်စီကို
မှတ်ပုံတင်သွင်းသွားမှာပါ"ဟု တော်ဝင် ဦးခင်မောင်သန်းက ပြောသည်။
ရှေ့နေများကွန်ရက်သည် တရားဥပဒေစိုးမိုးရေးကဏ္ဍတွင် ဥပဒေကြမ်းများ၊ နည်းဥပဒေကြမ်း
များ၊ ဥပဒေနှင့် နည်းဥပဒေများပြဋ္ဌာန်းရာ၌ နိုင်ငံတော် အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီများ၊
လူမှုရေးအဖွဲ့အစည်းများ၊ လူထုလူတန်းစားအဖွဲ့အစည်းများသို့ ဥပဒေအကဲဖြတ်ချက်များ၊
သုံးသပ်ချက်များ၊ မိမိတို့သဘောထားများ ထုတ်ဖော်ရန်၊ ရှေ့နေများ၏ တရားဝင်အခွင့်အရေး
များ မတရားချိုးဖောက်ခံရမှုကို ပြတ်ပြတ်သားသားကာကွယ်ရန်၊ ဂုဏ်သိက္ခာမြင့်မားသည့်
တရားစီရင်ရေးဖော်ဆောင်ရာတွင် ရှေ့နေများ၏အခန်းကဏ္ဍ ဂုဏ်သိက္ခာရှိရှိ ပြန်လည်
ရပ်တည်ခွင့် ရရှိလာစေရန် ရည်ရွယ်ကြောင်းသိရသည်။
ထို့ပြင် ရှေ့နေများ၏ အရည်အသွေး မြှင့်တင်ရန်၊ ပြည်တွင်းနှင့် နိုင်ငံတကာ သင်တန်းများသို့
စေလွှတ်ရန်၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ၊ ၀ါရင့် ရှေ့နေကြီးများ၏ အတွေ့
အကြံုဩဝါဒ ခံယူပွဲများ၊ သက်ကြီးရှေ့နေပူဇော်ပွဲများ ပြုလုပ်ကျင်းပရန်နှင့် ဥပဒေနှင့်အညီ
လူ့ အခွင့်အရေးဖော်ဆောင်ရာတွင် အလုပ် သမား၊ လယ်သမား၊ လူထုလူတန်းစား အဖွဲ့
အစည်းများ၊ ဆင်းရဲနွမ်းပါးပြည်သူ များဘက်မှ အမှုလိုက်ပါဆောင်ရွက်ရန် နှင့် ပြည်သူများ
အား ဥပဒေအသိပညာ ပေးမှုများပြုလုပ်ရန် ရည်ရွယ်သည်။
"ယာယီအားဖြင့် ကွန်ရက်မှာ သဘာ ပတိအဖွဲ့၊ ဥပဒေအတိုင်ပင်ခံအဖွဲ့နဲ့ လုပ်ငန်းကော်မတီ
ဆိုပြီး ဖွဲ့စည်းထားတယ်။ နောက်ပြီးလုပ်ငန်းကော်မတီမှာ ဥပဒေကော်မတီ၊ ဆက်သွယ်ရေး
နဲ့ ပြန်ကြားရေး၊ ဘဏ္ဍာရေးနဲ့ ရုံးအဖွဲ့တွေ ပါ၀င်ပါတယ်"ဟု ၎င်းက ပြောသည်။
ရှေ့နေများကွန်ရက်သည် ၂၀၁၁ ခု နှစ် ဩဂုတ်လက ကုလသမဂ္ဂ အထူးကိုယ်စားလှယ်
မစ္စတာကင်တားနားနှင့် တွေ့ဆုံ၍ နိုင်ငံရေးအကျဉ်းသား ဟောင်း ရှေ့နေ ၁၆ ဦး၏ လိုင်စင်
ရုပ်သိမ်းခံရခြင်း ကိစ္စတင်ပြရာမှ အခြေတည် လာခြင်းဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁
ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမ၌ ဥပဒေဆိုင်ရာ စာတမ်းဖတ်ပွဲတွင် ရှေ့နေ
များကွန်ရက်ကို ကျယ်ပြန့်စွာဖွဲ့စည်းပြီး တစ်နိုင်ငံလုံးဆိုင်ရာ အတိုင်းအတာဖြင့်ဆောင်ရွက်
ရန် သဘောတူခဲ့ကြောင်း သိရသည်။















