ကရာတေးဒိုအဖွဲ့ချုပ် ရန်ပုံငွေပွဲအကြောင်းရှင်း

ကရာတေးဒိုအဖွဲ့ချုပ် ရန်ပုံငွေပွဲအကြောင်းရှင်း

မန္တလေးတိုင်းဒေသကြီး ကရာတေးဒို အဖွဲ့ချုပ်က (၂၇) ကြိမ်မြောက် ဆီးဂိမ်းတွင် အောင်မြင်မှု
ရရှိရေးအတွက် အင်အားအပြည့် ဆောင်ရွက်နိုင်ရန် ရန်ပုံငွေရှာဖွေပွဲနှင့်ပတ်သက်သည့် သတင်း
စာရှင်းလင်းပွဲကို ဇန်နဝါရီ ၁၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ကရာတေးဒိုအဖွဲ့ချုပ်သည် ရန်ပုံငွေရရှိရေးအတွက် နာမည်ကြီး တီးဝိုင်းတစ်ခုဖြစ်သော
Iron Cross တီးဝိုင်းဖြင့် မန္တလေးမြို့ မြို့တော်ဥယျာဉ် အတွင်း၌ ဇန်နဝါရီလ၂၆ ရက်နေ့တွင်
ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး ကရာတေးဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဦးဇော်နိုင်က ပြောသည်။

"အရှေ့တောင်အာရှအားကစား ပြိုင်ပွဲမှာ ကရာတေးဒိုအားကစားနည်းနဲ့ အောင်မြင်မှု ရရှိရေး
အတွက် ရန်ပုံငွေရှာတဲ့ပွဲလေးဖြစ်ပါတယ်။ ၂၀၁၂ ဇွန်လ တုန်းက ရန်ကုန်မှာတစ်ပွဲလုပ်ပါတယ်။
မတ်လ ၃၀ ရက်မှာ ရန်ကုန်မြို့မှာပဲ ဒီတီးဝိုင်းနဲ့ နောက်တစ်ပွဲထပ်လုပ်ပါဦးမယ်"ဟု ၎င်းက
ပြောသည်။

လာမည့်ဆီးဂိမ်း ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုများရရှိအောင် ပြင်းပြင်းထန်ထန်လေ့ကျင့်မှုများ ပြုလုပ်
နေသော်လည်း နိုင်ငံခြားနည်းပြများ လိုအပ်နေပြီး နိုင်ငံတကာသို့ သွားရောက် ယှဉ်ပြိုင်သည့်
အခါ ငွေကြေးအခက်အခဲ လိုအပ်ချက်များရှိနေ၍ ပွဲကျင်းပရခြင်း ဖြစ်ကြောင်း ဦးဇော်နိုင်က
ပြောသည်။

"ကရာတေးမှာ ရွှေတံဆိပ်ရမထား သေးပါဘူး။ တခြားအားကစားတွေနဲ့ ယှဉ်ရင်လည်း
နောက်ကျနေတယ်။ အားနည်းချက်တွေ ရှိနေတယ်။ လက်ရှိ အဖွဲ့ချုပ်အနေနဲ့ မလေးရှားနိုင်ငံ
က ဆရာတစ်ယောက်နဲ့ ကမ္ဘာ့ချန်ပီယံတွေ မွေးထုတ်ပေးတဲ့ အီရန်နိုင်ငံက နည်းပြ ဆရာကို
ခေါ်ပြီး လေ့ကျင့်နေပါတယ်။ ဂျပန်ကဆရာတွေနဲ့ မြန်မာနိုင်ငံက လက်ရွေးစင်တွေကို လေ့ကျင့်
ပေးဖို့ အစီအစဉ်တွေလည်းရှိပါတယ်" ဟု ၎င်းက ပြောသည်။

ယခုလာမည့်ဖေဖော်ဝါလရီတွင် ရန်ကုန်မြို့၌ ပြိုင်ပွဲတစ်ပွဲကျင်းပမည်ဖြစ် ကြောင်း၊ ပြည်နယ်
နှင့်တိုင်းအသီးသီး တွင် ကျန်ရှိခဲ့သည့်အလားအလာရှိ အားကစားသမားများအား နောက်ဆုံး
အဆင့် ရွေးချယ်မည့်ပွဲဖြစ်ကြောင်း ဦးဇော်နိုင်က ပြောသည်။

လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ နီးပါးက မန္တလေးတိုင်းတွင် ကရာတေးဒို အားကစားမှာ ထိပ်ဆုံးတွင်
ရပ်တည်ခဲ့ သော်လည်း လက်ရှိအချိန်တွင် ကစားသမား အင်အားနည်းသည့်အပြင် ဆုတံဆိပ်
ရရှိမှုလည်း ကျဆင်းလာခြင်းကြောင့် မန္တလေးတိုင်းကရာတေးဒို အဆင့်အတန်း ပြန်လည်
မြင့်မားလာပြီး လူငယ်များ စိတ်ဝင်စားမှုရှိလာစေရန် အဆိုပါပွဲကို ကျင်းပခြင်းလည်းဖြစ်ကြောင်း
၎င်းက ပြောသည်။

"အရင်ကဆိုရင် အကောင်းဆုံးဆုတွေ၊ ဒိုင်းဆုတွေအကြိမ်ကြိမ်ရရှိဖူးပါတယ်။ ကရာတေးဒို
အားကစားက တခြားအားကစားတွေနဲ့ ယှဉ်ရင် နှစ်ပေါင်းများစွာ ကျွမ်းကျင်အောင် လေ့ကျင့်
ပြီးမှ ပြိုင်ပွဲဝင်ရောက်နိုင်တာ ဖြစ်တာကြောင့် ခက်ခဲပင်ပန်းပါတယ်"ဟု  ဦးဇော်နိုင်က
ပြောသည်။

မန္တလေးတိုင်းတွင် ကရာတေးဒို  ရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲ ကျင်းပခြင်းသည် ဒုတိယ
အကြိမ်မြောက်ဖြစ်ပြီးဝင်ကြေးအဖြစ် ကျပ် ၁၀,၀၀၀ နှင့် ကျပ် ၃၀,၀၀၀ သတ်မှတ်ထား
ကြောင်း သိရသည်။ 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး