မန္တလေး စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့နှင့် တော်ဝင်အဆင့်မြင့်နည်း
ပညာအဖွဲ့ ကုမ္ပဏီလီမိတက်တို့ အကျိုးတူပူးပေါင်း ဆောင်ရွက်ရန် လက်မှတ်ရေးထိုးထားသော
မန္တလေး-မြို့သာ စက်မှုဥယျာဉ်မြို့ စီမံကိန်းကို တိုင်းရင်းသားအများပိုင် ဖြစ်စေရန် ဖေဖော်ဝါရီလ
အတွင်း အစုရှယ်ယာများ ရောင်းသွားမည်ဖြစ် ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ထံမှ
သိရသည်။
"ဒီစီမံကိန်းက အကျိုးအမြတ်တွေကို တိုင်းရင်းသားတွေပဲရနိုင်ဖို့၊ တိုင်းရင်း သားအများပိုင်ဖြစ်ဖို့
အတွက် အစုရှယ်ယာတွေကို ဖေဖော်ဝါရီလပိုင်းလောက်မှာ ရောင်းနိုင်ဖို့စီစဉ်နေတယ်"ဟု
အဆိုပါစီမံကိန်းဥက္ကဋ္ဌ တာဝန်ယူ ဆောင်ရွက်နေသော မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့်
စက်မှုဝန်ကြီး ဒေါက်တာမြင့်ကြူက ယခုလ ၂၁ ရက်နေ့ က ၎င်း၏ရုံးခန်းတွင် ပြောသည်။
နောင်လာမည့်အခြေအနေတွင် နိုင်ငံတကာစံနှုန်းများဖြင့် လုပ်ငန်းများ ဆောင်ရွက်ကြတော့
မည်ဖြစ်သည့်အတွက် အစုရှယ်ယာတန်ဖိုးများကို နိုင်ငံတကာ ဥပဒေများနှင့်အညီ သတ်မှတ်
ရောင်းချ သွားမည်ဖြစ်ကြောင်းနှင့် အစုရှယ်ယာ များရောင်းချရာတွင်လည်း ပြည်တွင်း
ရင်းနှီးမြှုပ်နှံသူများနှင့် ပြည်ပနိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအား နိုင်ငံတကာ ဥပဒေနှင့်သာ
ရောင်းချသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ စင်ကာပူ၊ ဂျပန်၊ ကိုရီးယား၊
အင်္ဂလန်နှင့် နယ်သာလန်နိုင်ငံများက စီမံကိန်း၌ ရင်းနှီးမြှုပ်နှံနိုင်ရေးအတွက်ကိုပင် ကမ်းလှမ်း
နေပြီဖြစ်ကြောင်း သိရသည်။
"စက်မှုဥယျာဉ်အတွက် သွင်းကုန် ထုတ်ကုန်တွေ သယ်ယူပို့ဆောင်ဖို့ အရင်ဦးဆုံး ဆီမီးခုံမှာ
နိုင်ငံတကာ အဆင့်မီဆိပ်ကမ်းကို ဆောက်နေပါပြီ"ဟု ၀န်ကြီးက ဆက်လက်ပြောကြား
သည်။
မန္တလေး-မြို့သာ စက်မှုဥယျာဉ်တည် ဆောက်မည်ဖြစ်သည့်အတွက် ဆီမီးခုံ နှင့် မြို့သာမြို့မှ
မိုင်ငါးဆယ်အတွင်းရှိ မြင်ခြံမြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ တံတားဦးမြို့နယ်၊စစ်ကိုင်းမြို့နယ်၊
မြင်းမူမြို့နယ်၊ မြောင်မြို့နယ်၊ ရေစကြိုမြို့နယ်နှင့် ပခုက္ကူမြို့နယ် စသည်မြို့နယ်များတွင်
ကူးသန်းရောင်းဝယ်ရေးများ ပိုမိုဖွံ့ဖြိုး တိုးတက်လာပြီး အလုပ်အကိုင် အခွင့်အလမ်းများ
ရရှိလာကာ ဒေသခံလူငယ် များအတွက် နည်းပညာနှင့် ကျွမ်းကျင်မှုဆိုင်ရာ အခွင့်အလမ်း
များ ရရှိလာမည်ဖြစ်ကြောင်း တော်ဝင်အဆင့်မြင့် နည်းပညာအဖွဲ့ ကုမ္ပဏီလီမိက်ဥက္ကဋ္ဌ
ဦးအောင်ဝင်းခိုင်က ဆိုသည်။
"ဒီစီမံကိန်းက မြေဧက တစ်သောင်း ကျော်ပေါ်မှာ ဆောင်ရွက်သွားမှာဖြစ်တဲ့ အတွက်
အသေးစား၊ အလတ်စားနဲ့ အကြီးစားစက်မှုလုပ်ငန်းတွေ၊ စက်ရုံ အလုပ်ရုံတွေ ၂,၅၀၀
ကျော်ရှိမယ်။ဒေသခံလူဦးရေ နှစ်သိန်းဝန်းကျင်ကို လည်း အလုပ်အကိုင်အခွင့်အလမ်း
တွေ ရရှိစေမှာပါ။ စီမံကိန်းမြေနေရာအတွက် တောင်သူတွေကိုလည်း ထိုက်သင့်တဲ့
မြေတန်ဖိုးကိုလည်း ပေးခဲ့ပါတယ်"ဟု ဇန်နဝါရီလ ပထမပတ်အတွင်း ဦးအောင်ဝင်းခိုင်
က ပြောခဲ့သည်။















