အစိုးရသစ်လက်ထက် မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပိုင်း ပထမအကြိမ် အထူးစီမံချက်
ပြုပြင်ဆောင်ရွက်မှု ၈၀ ရာခိုင်နှုန်းထိ ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း မြန်မာ့မီးရထား
ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
မန္တလေး-မြစ်ကြီးနား ရထားများ မောင်းနှင်ရမည့် ခွင့်ပြုမိုင်နှုန်းမှာ တစ် နာရီ အများဆုံး ၃၅ မိုင်
မှ အနည်းဆုံး ငါးမိုင်သာ ဖြစ်ကြောင်း၊ အထူးစီမံချက် ပြီးဆုံးသွားပါက ပြေးဆွဲချိန်လျော့နည်း
သွားပြီး မိုင်နှုန်းများ တိုးမြှင့်သွားနိုင်မည် ဖြစ်ကြောင်း မြန်မာ့မီးရထား တာဝန်ရှိသူ က
ဆိုသည်။
"အထူးစီမံချက်က အခုဘဏ္ဍာနှစ် အတွင်းအပြီး လုပ်သွားမယ်။ စီမံချက်က ၈၀ ရာခိုင်နှုန်းထိ
ပြီးသွားပြီ။ အားလုံး ပြီးသွားမယ်ဆိုရင် လမ်းပိုင်း မတော်တဆမှုတွေ နည်းသွားမယ်။ ပြေးဆွဲ
ချိန် မှန်လာမယ်။ လမ်းခရီးကောင်းလာတဲ့ အတွက် ပြေးဆွဲမိုင်နှုန်းကို တိုးပေးမယ်။ ခရီးစဉ်
အချိန်မှန်သလို အချိန်ကုန်လည်း သက်သာလာမယ်"ဟု မြန်မာ့မီးရထား အထွေထွေမန်နေဂျာ
(အထက်မြန်မာ ပြည်) ဦးထွန်းအောင်သင်းက မြန်မာတိုင်း(မ်)ကို ပြောကြားသည်။
အထူးစီမံချက်ဖြင့် ဆောင်ရွက်ရာတွင် သံလမ်းဆက်ဖွင့်ညှိခြင်း၊ လမ်းမြှောက်ပက်ကင်
ရိုက်ခြင်း၊ လမ်းခင်းကျောက်ထည့်ခြင်း(ကျင်း)၊ သစ်ဇလီဖား တုံးများအစား ကွန်ကရစ်ဇလီ
ဖားတုံးများ လဲလှယ်ခြင်းတို့ကို လုပ်သားအင်အားသုံးပြီး ဆောင်ရွက်လျက် ရှိကြောင်း
သိရသည်။
မြန်မာတစ်နိုင်ငံလုံးရှိ မီးရထားသံ လမ်းများတွင် သစ်သားဇလီဖားတုံးများကို အစဉ်အဆက်
အသုံးပြုလာခဲ့ရာမှ ၁၉၉၅ ခုနှစ်ပိုင်းမှစ၍ ကွန်ကရစ် ဇလီဖားတုံးများကို စတင်ပြောင်းလဲ
အသုံးပြုခဲ့ကြကြောင်း သိရသည်။
ယခုကဲ့သို့ စီမံချက်ဖြင့်ပြုပြင်ဆောင် ရွက်ရာတွင် မန္တလေးတိုင်းအမှတ်(၃) တွင် လေးဘူတာ၊
စစ်ကိုင်းတိုင်း အမှတ် (၂)တွင် ၃၄ ဘူတာ နှင့် ကချင်ပြည်နယ် တိုင်းအမှတ် (၁) တွင် ၃၃
ဘူတာ ရှိပြီး မီးရထားလမ်းပိုင်း မိုင်သုံးရာကျော်ကို ပြုပြင်ဆောင်ရွက်နေခြင်း ဖြစ်သည်။
"ခရီးသွားပြည်သူတွေ အန္တရာယ် ကင်းကင်းနဲ့ ခရီးသွားနိုင်ဖို့အတွက်ပါပဲ" ဟု
ဦးထွန်းအောင်သင်းက ဆက်လက် ပြောသည်။
လမ်းပိုင်းပြုပြင်မှုများ ဆောင်ရွက်ရာ တွင် လုပ်သားရှားပါးမှု ပြဿနာမှာ လည်း အခက်အခဲ
တစ်ရပ် ဖြစ်နေ ကြောင်း ၎င်းက ဆိုသည်။ ကန့်ဘလူမြို့နယ်မှ သံလမ်းပြင် အလုပ်လာရောက်
လုပ်ကိုင်သော ကိုဖိုး အေးက"တစ်နေ့ကို သုံးထောင်ရတယ်။ တောင်ယာအလုပ်ပါးတဲ့အချိန်
တခြား အလုပ်မရှိမှဘဲ ဒီသံလမ်းပြင်တဲ့ အလုပ်လာလုပ်တယ်။ တစ်နေကုန် နေပူထဲမှာပဲ
လုပ်နေရတော့ တခြား အလုပ်တွေထက်တော့ ပင်ပန်းတယ်"ဟု ပြောသည်။
















