ဧရာဝတီမြစ်ရေကြီးမှု ကာကွယ်ရေးနှင့် ဧရာဝတီမြစ်ကမ်းတစ်လျှောက် ဖွံ့ဖြိုးရေးစီမံကိန်း
ဆောင်ရွက်ရန် မလေးရှား နှင့် နားလည်မှုစာချွန်လွှာရေးထိုးပြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းအကောင်အထည် ဖော်မည်ဆိုပါက မန္တလေးမြို့အနောက် ဘက်ရှိ ဧရာဝတီ
မြစ်ကမ်းတစ်လျှောက် အဆင့်မြင့်ဆိပ်ကမ်းကြီးများ၊ ရှော့ပင်း မောများ၊ အိမ်ရာစီမံကိန်းများ
တည်ဆောက်သွားမည်ဖြစ်ပြီး မြစ်ကမ်းဘေးတွင် ရှစ်လမ်းသွားလမ်းမကြီးများ ဖောက်လုပ်
သွားမည်ဖြစ်သည်။
"စစ်ကိုင်းတံတားအထက် ကီလိုမီတာ ၂၀ နဲ့ တံတားအောက်ဘက် ကီလိုမီတာ ၃၀ အတွင်း
က သဲသောင်တွေကို စက်တွေ နဲ့တူးပြီး မြစ်လမ်းကြောင်းကိုလည်းဖြောင့်လိုက်မယ်။ မြစ်ကမ်း
ဘေးရေဝင် ဧရိယာတွေနဲ့ အနိမ့်ပိုင်းတွေကို ၁၅ ပေ အမြင့်ထိမြေဖို့ပြီး လုပ်သွားမှာ"ဟု
စီမံကိန်းဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဒေါက်တာမြင့်ကြူက
ပြောသည်။
မန္တလေးမြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး နှစ် ၃၀ စီမံကိန်းအတွင်း ပထမငါးနှစ် အတွင်း ယင်းလုပ်ငန်းကို
ဆောင်ရွက်သွားမည်ဖြစ်သည်။ မြစ်ကြောင်း တစ်လျှောက်မြေဧက ၁၈,၀၀၀ ပေါ်၌ဆောင်ရွက်
သွားမည်ဖြစ်ကာ မြေယာပိုင်ဆိုင်သူများနှင့် အကျိုးတူ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်သည်။















