ကလေးသူငယ်အခွင့်အရေးနှင့် အရွယ် မရောက်သေးသော ကလေးသူငယ်များ စစ်မှုထမ်းခြင်း
ကို တားဆီးကာကွယ်ရေး ဆိုင်ရာ အသိပညာများကိုသိစေရန် မြို့နယ်အဆင့်ကလေးသူငယ်
အခွင့် အရေးများဆိုင်ရာ အသိပညာမြှင့်တင်ခြင်းလုပ်ငန်းဆွေးနွေးပွဲကို မန္တလေးမြို့၊အောင်မြေ
သာစံမြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနရှိ လူငယ်သင်တန်းကျောင်းတွင် ဇန်နဝါရီလ၂၄ ရက်နေ့
က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပွဲကို လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဝေါလ်ဗီးရှင်းမြန်မာမှတာဝန်ရှိသူများ ပူးပေါင်းကျင်းပ
ခြင်းဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခကြောင့် ထိခိုက်နစ်နာရသောကလေးများနှင့် တပ်မတော်တွင်း
မှ အရွယ်မရောက်သေးသည့် ကလေးသူငယ်များ တပ်မတော်အတွင်းမှ ထွက်ခွင့်ပြုရေးနှင့်
မိသားစုနှင့် ပြန်လည်ပေါင်းစည်းနိုင်စေရေးနှင့် ပတ်သက်သည်များကို ဆွေးနွေးကြသည်။
ကလေးသူငယ်များ ဘဝဖွံ့ဖြိုးတိုးတက်စေရန်၊ ရရန်လိုအပ်သည့်အခွင့်အရေးများ အပြည့်
အဝရရှိစေရန်၊ လူမှုနေထိုင်မှုဘဝ မြင့်မားလာစေရန်၊ အနာဂတ်ဘဝများ ကောင်းမွန်လာစေ
ရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း မန္တလေးဒေသ ဖွံ့ဖြိုးရေးအစီအစဉ် မန်နေဂျာ
ဒေါ်နော်မာသော်က ပြောသည်။
၁၉၉၃ ခုနှစ်တွင် ကလေးသူငယ်များ ဆိုင်ရာဥပဒေကို စတင်ပြဋ္ဌာန်းခဲ့ပြီး ၂၀၀၁ ခုနှစ်တွင်
အဆိုပါဥပဒေကို အထောက်အကူပြုနိုင်မည့် နည်းဥပဒေ တစ်ခု နိုင်ငံတော်က ထပ်မံပြဋ္ဌာန်းခဲ့
သည်။ ၂၀၀၁ ခုနှစ်တွင် နိုင်ငံတော်အဆင့် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာကော်မတီကို
ဖွဲ့စည်းကာခရိုင် အဆင့်မှ မြို့နယ်အဆင့်အထိ ဆက်လက်ဖွဲ့စည်းခဲ့ပြီး၊ ဝေါလ်ဗီးရှင်းအဖွဲ့က
၀န်ကြီးဌာနများ ဖြစ်သော ကျန်းမာရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း
၀န်ကြီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးဝန်ကြီးဌာန နှင့် လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနများ နှင့် ပူးပေါင်းလုပ်ဆောင်လျက်
ရှိကြောင်း၊ ဝေါလ်ဗီးရှင်းမြန်မာမှ တာဝန်ရှိသူတစ်ဦး ဖြစ်သူ ဒေါ်စီစီမြင့်က ပြောသည်။
"ဒီကော်မတီက ပြဋ္ဌာန်းထားတဲ့ ဥပဒေကို အကောင်အထည်ဖော်ဖို့ ဖွဲ့စည်းပေးထားတာပါ။
ဝေါဗီးရှင်းအဖွဲ့ အနေနဲ့ ကလေးသူငယ်အကာအကွယ် ပေးရေး အဓိကလုပ်ဆောင်ပေးနေတဲ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ အဓိကပူးပေါင်းသလို
ကလေးတွေ ကျန်းမာရေးအတွက်လည်း ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းလုပ်ဆောင်
နေပါတယ်"ဟု ၎င်းက ပြောသည်။
အဆိုပါပွဲသို့ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ အောင်မြေသာစံမြို့နယ် ၁၉ ရပ်ကွက်မှ
ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁၉ ဦးအပါအဝင် စုစုပေါင်း အယောက် ၄၀ တက်ရောက်ဆွေးနွေးကြ
ကြောင်း သိရသည်။
















