ပြည်သူလူထု သွားကျန်းမာရေးအတွက် ကျောင်းသားလူငယ်များ အပါအဝင် လူဦးရေလေးသန်း
ကျော်ကို သွား ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း နှင့် ကျန်းမာရေးစောင့်ရှောက်ပေးမည့်
အစီအစဉ်များကို ၂၀၁၃ ခုနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်သွားမည်ဟု
အပြည်ပြည်ဆိုင်ရာ သွားဘက်ဆိုင်ရာအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ Live, Learn, Laugh အစီ အစဉ်ဖြင့် အသက်ခြောက်နှစ်အရွယ် ကျောင်းသူ ကျောင်းသား
များကို ဦးတည်၍ သွားကျန်းမာရေးဆိုင်ရာ ပညာပေးမှုများ ပြုလုပ်သွားမည်ဟု အပြည်ပြည်ဆိုင်ရာ
သွားဘက်ဆိုင်ရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာ TC Wong က မြန်မာတိုင်း(မ်)ကို ဇန်နဝါရီလ ၂၄
ရက်နေ့က မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန် ညီလာခံတွင် ပြောသည်။
အပြည်ပြည်ဆိုင်ရာ သွားဘက်ဆိုင်ရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံသွားနှင့် ခံတွင်းဆရာဝန်အသင်းနှင့်
Unilever Oral Care တို့ ပူးပေါင်းဆောင်ရွက်သည့် အဆိုပါအစီအစဉ်ကို သွားနှင့် ခံတွင်း ကျန်းမာ
ရေး၏ အရေးပါပုံကို ပညာပေးရန်နှင့် ကျောင်းနေအရွယ်မှ အစပြုပြီး သွားကျန်းမာရေး အမူအကျင့်
ကောင်းများရရှိစေရန် ရည်ရွယ်သည်ဟု ဒေါက်တာ Wong က ပြောသည်။
"ဒီအစီအစဉ်က ကြိုတင်ကာကွယ် ရေးကို အဓိကရည်ရွယ်ပါတယ်။ အကောင်းဆုံး ကာကွယ်မှုက
တော့ သွားနဲ့ပတ်သက်ပြီး အပြုအမူပိုင်းဆိုင်ရာ ပြောင်းလဲမှုပါပဲ"ဟု ၎င်းကပြောသည်။
"သွားကျန်းမာရေးအတွက် အမူအကျင့်ကောင်းတွေရရှိဖို့ ဒီလိုငယ်စဉ်အရွယ်ကတည်းက သင်ကြား
ပေးဖို့ အရေးကြီးပါတယ်။ ဒါမှသာ ဒီအမူ အကျင့်ကောင်းတွေကို သူတို့ဘဝ တစ်လျှောက်လုံး
အသုံးပြုသွားကြမှာပါ" ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ သွားနှင့် ခံတွင်း ဆရာဝန်အသင်းမှ သွားဆရာဝန်များက စေတနာ့ ၀န်ထမ်းများအဖြစ်
ဖြင့် ကျောင်းများသို့ သွားရောက်၍ ကျောင်းသားလူငယ်များကို သွားနှင့်ခံတွင်း ကျန်းမာရေးဆိုင်ရာ
ဗဟုသုတများနှင့် အမူအကျင့်ကောင်း များကိုပညာပေးသွားမည်ဟု မြန်မာ နိုင်ငံသွားနှင့်ခံတွင်း
ဆရာဝန်များ အသင်းမှ အဖွဲ့ဝင်တစ်ဦးဖြစ်သော ဒေါက်တာစိန်မြအေးက ပြောသည်။
"လူဦးရေလေးသန်းကို ရောက်ရှိနိုင် ဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ အခု မှ စတင်ဆောင်ရွက်ရ
မယ့်အတွက် အကုန်လုံးကို ရောက်ရှိနိုင်မယ်လို့ သေချာပေါက် မပြောနိုင်သေးပါဘူး" ဟု ၎င်းက
ပြောသည်။
ကျေးလက်ဒေသမှ ကျောင်းများသို့ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိရန် အခက်အခဲများရှိသည်ဟု
၎င်းက ပြောသည်။ မြန်မာနိုင်ငံ၌ မှတ်ပုံတင်ထားသည့် သွားဆရာဝန်ပေါင်း ၃,၀၀၀ ကျော်ရှိသည်
ဟု ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရသည်။
LLL သွားကျန်းမာရေး အစီအစဉ်ကို ၂၀၁၃ ခုနှစ် တစ်နှစ်တာကာလအတွင်း ဆောင်ရွက်သွားမည်ဖြစ်
သည်။
"ပထမတစ်နှစ်က ကျောင်းနေအရွယ် ကလေးတွေကို ဦးတည်တာဖြစ်ပြီး နောက်ပိုင်းမှာ တခြား
အသက်အပိုင်း အခြားတွေနဲ့ နယ်ပယ်အသစ်တွေမှာ လုပ်ဆောင်သွားမှာပါ"ဟု ဒေါက်တာ Wong
က ပြောသည်။
LLL သွားကျန်းမာရေး အစီအစဉ်များကို အပြည်ပြည်ဆိုင်ရာ သွားဘက်ဆိုင်ရာ အဖွဲ့ချုပ်နှင့်
Unilever တို့ ပူးပေါင်း၍ ၂၀၀၅ ခုနှစ်မှ စတင်ကာ နိုင်ငံပေါင်း ၃၇ နိုင်ငံတွင် လုပ်ဆောင်လျက်ရှိ
သည်။
အဆိုပါအစီအစဉ်၏ ဆောင်ပုဒ်မှာ 'ဖလိုရိုဒ်ပါတဲ့ သွားတိုက်ဆေးနဲ့ တစ်နေ့ နှစ်ကြိမ်သွားတိုက်ပါ'
ဟူ၍ ဖြစ်သည်။















