ခေတ်အဆက်ဆက် ပြောင်းလဲလာ သောအင်းလေးကန်ကို ထိန်းသိမ်း စောင့်ရှောက်ဖို့ရာ ဒေသ
တွင်းလူငယ် မောင်မယ်များက ကြိုးစားဆောင်ရွက်သင့်ကြောင်း ညောင်ရွှေ မြို့နယ် အမှတ် ၁
ရှမ်းပြည်နယ်ကိုယ်စားလှယ်၊ လွှတ်တော် တိုင်းရင်းသားအရေးဆိုင်ရာ ကော်မတီ ၀င်တစ်ဦးဖြစ်သူ
ဒေါက်တာထွန်းအောင် က ပြောသည်။
"ခေတ်အဆက်ဆက် ပြောင်းလဲလာတာပါ။ ရုပ်ပိုင်းဆိုင်ရာမှာ အင်းလေးကန်ဟာ အင်မတန်တိုး
တက်ပြောင်းလဲလာပါတယ်။ ရုပ်ပိုင်းဆိုင်ရာတိုးတက်ပြောင်းလဲမှုကို ထိန်းသိမ်းနိုင်ဖို့အတွက်
အင်းလေးကန်ကလူတွေဟာ အများကြီး လိုအပ်လာပါတယ်။ ဒီလို လိုအပ်တဲ့ နေရာမှာ ဘယ်သူ
တွေထိန်းသိမ်းရမှာလဲ။ ဘယ်လိုအခန်းကဏ္ဍမှာ ပါ၀င်မလဲ ဆိုတာ အရေးကြီးတယ်။
"ဘာလို့လဲဆိုရင် အင်းလေးဒေသ ဟာ သိတဲ့အတိုင်းပဲ မြန်မာမှာသာမက ကမ္ဘာမှာပါ အင်မတန်မှ
ကို ကျော်ကြား ပေမယ့်လည်း အားလုံးသိကြတဲ့အတိုင်း အင်းလေးကန်မှာ နေထိုင်ကြတဲ့သူတွေ
ဟာ လူတော်တော်များများဟာ ဗဟုသုတ အလွန်နည်းကြပါတယ်။ နိုင်ငံရေး၊ စီးပွားရေးနဲ့ ပတ်
သက်ပြီး နောက်ကျတဲ့ အနေအထားမျိုး တွေ့နေရတယ်" ဟု ၎င်းက ဆိုသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်က အဆိုပါစကားကို အင်းလေးဒေသ
တွင်ပြုလုပ် သော လူငယ်တွေ့ဆုံပွဲတစ်ခု၌ ပြောကြား ခြင်းဖြစ်သည်။
အဆိုပါတွေ့ဆုံပွဲတွင် အင်းလေး ဒေသရှိ နှလုံးလှမောင်မယ်များ၊ ဂုဏ် ဆောင်မောင်မယ်များ
ကျေးရွာအသီးသီးမှမောင်မယ်များနှင့်အတူ ရန်ကုန်မြို့ မှ လူငယ်မောင်မယ်များ တွေ့ဆုံခဲ့ကြခြင်း
ဖြစ်သည်။
"ဒီနေ့လူငယ်တွေ တွေ့ဆုံကြတယ်။ အဓိကဘယ်ရည်ရွယ်ချက်နဲ့ လုပ်ကြမှာလဲ။ တစ်ခုပဲမေးချင်
တာက ဘာလုပ်ကြမှာလဲ။ သင်တန်းတွေ အီးဂရက်၊ ငြိမ်း ဖောင်ဒေးရှင်း တက်ကြတယ်။
"သင်တန်းတွေ အများကြီးတက် လာတယ်။ ဘာလုပ်ကြမှာလဲဆိုတာ အများကြီးကျယ်ပြန့်ပါတယ်။
စီးပွားရေးလုပ်မှာလား။ သင်တန်းတွေရော ထပ်ပြီးတက်မှာလား။ ဘာလုပ်ကြမှာလဲ ခေါင်းစဉ်ကို
၀ိုင်းဝန်းစဉ်းစားစေချင်တယ်။ တက် တော့တက်လိမ့်မယ်။ ဘာမှမထူးတာ တွေ့ရတယ်။ အပြစ်
မပြောလိုပေမယ့် ကိုယ့်ရွာနဲ့ကိုက်ညီတဲ့လုပ်ငန်းများ လုပ် စေချင်တယ်"ဟု ၎င်းက ဆိုသည်။
အဆိုပါနေ့ လူငယ်တွေ့ဆုံပွဲတွင် အင်းလေးဒေသဖွံ့ဖြိုးရေးအသင်း၊ သံဃာ့ဩဝါဒ ပါရမီသွေးလှူရှင်
အသင်း၊ အလင်းရောင် ဖောင်ဒေးရှင်းတို့မှ အသင်းခေါင်းဆောင်များ ၀င်ရောက် ဟောပြောခဲ့ကြ
သည်။
"အင်းလေးဒေသက နိုင်ငံခြားသားဧည့်သည် အလာများတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း
ရေးတွေမှာ သူတို့ဘာတွေလုပ်နေလဲ သင်ယူချင်တဲ့ ဆန္ဒနဲ့ ရောက်လာခဲ့တာပါ" ဟု MYiA ဥက္ကဋ္ဌ
မတင်မြတ်ထက်က ဆိုသည်။
လူငယ်များတွေ့ဆုံပွဲတွင် ဒေါက်တာ ထွန်းအောင်က " ခုခေတ်စကားအနေနဲ့ ဆိုရင် နိုင်ငံတော်ပြု
ပြင်ပြောင်းလဲမှုအရ ဒီမိုကရေစီခေတ်ကို ရောက်ရှိလာပြီလို့ ပြောကြတယ်။ ဒီနေ့တက်လာတဲ့
လူငယ် တွေဟာ ဒီမိုကရေစီက ဒီနေ့အချိန်မှာ စတင်ထွန်းကာလာတယ်ဆိုတာ သိထားကြတယ်။
သို့သော် ဒီမိုကရေစီဟာ ဒီနေ့ ဒီအချိန်အခါမှာ လုပ်ခဲ့တာမဟုတ်ပါဘူး။ တကယ်တမ်း ပြန်စဉ်းစား
ကြည့်မယ် ဆိုရင် ဒီမိုကရေစီဖွံ့ဖြိုးရေးကို ရှေးကတည်းက ဆောင်ရွက်ခဲ့ပါတယ်။
"၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံဥပဒေအရ ပါလီမန်ဒီမိုကရေစီ ဆိုပြီးတော့မှ ၀န်ကြီးချုပ် ဦးနုဒီမိုကရေစီခေတ်
ကို ဦးဆောင် လုပ်တဲ့အခါမှာ အင်းလေးဒေသက မဲ တွေဆွယ်ဖို့အတွက် အဓိကအကျဆုံး အမတ်
ဦးလွန်း ရှိခဲ့ပါတယ်။ တောင်ပိုင်း က ဦးထွန်းယာ၊ ညောင်ရွှေက ဦးတင်ဟန်၊ ဦးတင်ကိုကိုတို့ဟာ
လည်း မဲပုံးထောင်ပြီး ရွေးချယ်ပွဲကို လုပ်ခဲ့ပါတယ်။ အဲဒီမှာလည်း ပါတီတော်တော်များများပါခဲ့ပါ
တယ်။ ဘယ်မှာပျက်သုဉ်းခဲ့သလဲဆိုရင် ၁၉၆၂ ရောက်မှ ရပ်သွားခဲ့ပါတယ်။
"အခု ၂၀၀၈ ဖွဲ့စည်းပုံ ကျတော့မှ ၂၀၁၀ ရွေးကောက်ပွဲနဲ့အတူ ဒုတိယအကြိမ် ဒီမိုကရေစီ ခြေလှမ်း
စခဲ့ပြန်တာပဲ ဖြစ်ပါတယ်။
"ခုနောက်ပိုင်း အသက် ၄၀-၅၀ ၀န်းကျင်တွေဟာ မြန်မာနိုင်ငံမှာ ခုမှ ဒီမိုကရေစီလုပ်တယ်လို့ သိ
ထားကြပါတယ်။ ၁၉၄၇ မှာတစ်ကြိမ်လုပ်ခဲ့ပြီးပါပြီ။ ကမ္ဘာနဲ့ ပြောရမယ်ဆိုရင် အဲဒီအချိန်မှာ ဒုတိယ
လှိုင်း၊ တတိယလှိုင်းရိုက်ခတ်မှုနဲ့အတူ လုပ်ခဲ့တယ်။ ဒီမိုကရေစီနိုင်ငံ တော်တော်များများ လုပ်ခဲ့ရ
တယ်။ ကမ္ဘာ့နိုင်ငံအသီးသီးနဲ့အတူ နောက်ဆုတ်ခဲ့ရတဲ့ ခြေလှမ်းထဲမှာပါသွားတဲ့အတွက် မြန်မာ
နိုင်ငံလည်းပါခဲ့တယ်။ တခြားအုပ်ချုပ်မှု တစ်ရပ် ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီအုပ်ချုပ်မှုကို အခြေခံ
ပြီး ၂၀၀၈ ရွေးကောက်ပွဲလုပ်ခဲ့တဲ့အတွက် ခုလို ဒီမိုကရေစီအခွင့်အရေး ရရှိလာပါတယ်။
"တတ်လွန်းအားကြီးပြီး မဟုတ်တဲ့ဘက်ကိုရောက်သွားတဲ့အတွက် လွန်သွားတတ်တာတွေရှိပါ
တယ်။ လူငယ်တိုင်းသတိထားဖို့ မှာကြားလိုပါတယ်။ ကောင်းတဲ့နေရာကနေ ရှေ့မတက်တဲ့ အပြင်
နောက်ပြန်လှည့်တဲ့သူတွေ အများကြီးရှိပါတယ်။ ဒီမိုကရေစီ၊ တိုးတက်မှုတွေ နောက်ပြန်မလှည့်ဖို့
လူငယ်တိုင်းမှာ တာဝန်ရှိပါတယ်" ဟု ဆိုသည်။
















