အထက်မြန်မာပြည်မှ ရှေ့နေများသည် ဖေဖော်ဝါရီလအတွင်း၌ တွေ့ဆုံသွားမည်ဖြစ်ကြောင်း
ရှေ့နေများကွန်ရက် (အထက်မြန်မာပြည်)မှ တရားလွှတ်တော်ရှေ့နေ တော်ဝင် ဦးခင်မောင်သန်း
က ပြောကြားသည်။
"နေ့ရက်အတိအကျတော့ မသတ်မှတ်ရသေးပါဘူး။ အထက်မြန်မာပြည်မှာရှိတဲ့ တိုင်းဒေသကြီးနဲ့
ပြည်နယ်တွေက ရှေ့နေတွေဆီကို အကြောင်းကြား ထားပြီးပါပြီ။ ရှေ့နေများ ကွန်ရက်တွေ ချိတ်
ဆက်ပြီး ဥပဒေပညာရှင်များ အစည်းအရုံး ပေါ်ပေါက်လာဖို့ပဲ ဖြစ်ပါ တယ်"ဟု ၎င်းက ပြောသည်။
ယင်း အစည်းအရုံးပေါ်ပေါက်လာပါ က လွှတ်တော်များနှင့် အုပ်ချုပ်ရေးဌာနများကို ဥပဒေဆိုင်ရာ
အကြံဉာဏ်များ ပေးအပ်ခြင်း၊ ခေတ်နှင့်မလျော်ညီသော ဥပဒေများကို ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း၊
လိုအပ်သောဥပဒေသစ်များ ပြဌာန်းနိုင်ရန်အကြံပေးခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်လာနိုင်
မည် ဖြစ်ကြောင်းသိရသည်။
ရှေ့နေများကွန်ရက်သည် ဥပဒေကြမ်းများ၊ နည်းဥပဒေကြမ်းများ၊ ဥပဒေ နှင့် နည်းဥပဒေများပြဋ္ဌာန်း
ရာတွင် အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများ၊ လူထု လူတန်းစားအဖွဲ့
အစည်းများသို့ ဥပဒေအကဲ ဖြတ်ချက်များ၊ သုံးသပ်ချက်များ၊ မိမိတို့ သဘောထားများထုတ်ဖော်ရန်၊
ရှေ့နေများ၏ တရားဝင်အခွင့်အရေးများ မတရားချိုးဖောက်ခံရမှုကို ပြတ်ပြတ်သားသားကာကွယ်
ရန်၊ ဂုဏ်သိက္ခာ မြင့်မားသည့် တရားစီရင်ရေးဖော် ဆောင်ရာတွင် ရှေ့နေများ၏ အခန်းကဏ္ဍ
ဂုဏ်သိက္ခာရှိရှိပြန်လည် ရပ်တည်ခွင့်ရရှိရန် ရည်ရွယ်ကြောင်းသိရသည်။
ထို့ပြင် ရှေ့နေများ၏ အရည်အသွေး မြှင့်တင်ရန်၊ ပြည်တွင်းနှင့် နိုင်ငံတကာသင်တန်းများသို့ စေ
လွှတ်ရန်၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ၊ ၀ါရင့် ရှေ့နေကြီးများ၏အတွေ့အကြံုဩဝါဒ
ခံယူပွဲများ၊ သက်ကြီးရှေ့နေပူဇော်ပွဲများ ပြုလုပ်ကျင်းပရန်နှင့် ဥပဒေနှင့်အညီ လူ့အခွင့်အရေးဖော်
ဆောင်ရာတွင် အလုပ်သမား၊ လယ်သမား၊ လူထုလူတန်းစား အဖွဲ့အစည်းများ၊ ဆင်းရဲနွမ်းပါး
ပြည်သူများဘက်မှ အမှုလိုက်ပါဆောင်ရွက်ရန် နှင့် ပြည်သူများအား ဥပဒေအသိပညာ ပေးမှုများ
ပြုလုပ်ရန် ရည်ရွယ်ကြောင်း ဦးခင်မောင်သန်းက ရှင်းပြသည်။
ရှေ့နေများကွန်ရက်သည် ၂၀၁၁ ခုနှစ် ဩဂုတ်လအတွင်းက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး
ချုပ်၏ အထူးကိုယ်စားလှယ်မစ္စတာ ကင်တားနားနှင့် တွေ့ဆုံ၍ နိုင်ငံရေးအကျဉ်းသားဟောင်း
ရှေ့နေ ၁၆ ဦး၏ လိုင်စင်ရုပ်သိမ်းခံရခြင်းကိစ္စတင်ပြရာမှ အခြေတည်လာ ခြင်းဖြစ်ကြောင်း၊ ၂၀၁၂
ခုနှစ်၊ ဇွန်လ ၁ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမ၌ ဥပဒေဆိုင်ရာစာတမ်းဖတ်ပွဲတွင်
ရှေ့နေများကွန်ရက်ကို ကျယ်ပြန့်စွာဖွဲ့စည်းပြီး တစ်နိုင်ငံလုံးဆိုင်ရာအတိုင်းအတာဖြင့်ဆောင်ရွက်
ရန် သဘောတူခဲ့ ကြောင်း သိရသည်။















