အင်းလေးကန် ထိန်းသိမ်းရေး ရေရှည်အာမခံချက်ရှိသော ရန်ပုံငွေ ထူထောင်ရန် အဆိုပြု

အင်းလေးကန် ထိန်းသိမ်းရေး ရေရှည်အာမခံချက်ရှိသော ရန်ပုံငွေ ထူထောင်ရန် အဆိုပြု

အင်းလေးကန်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်မှုရရှိရန်အတွက် ကောင်းမွန်သော စီမံခန့်ခွဲမှု
နှင့် ရေရှည်အာမခံချက်ရှိသော ရန်ပုံငွေတစ်ရပ် ထူထောင်ထားရှိရန် ဩစတြေးလျ အခြေစိုက်
ပညာရှင်ကွန်ရက်ဖြစ်သော နိုင်ငံတကာ ဖွံ့ဖြိုးရေးသိပ္ပံအဖွဲ့ (Institute for International
Development) မှ ပညာရှင်များက ဇန်နဝါရီလ ၂၄ နှင့် ၂၅ ရက်နေ့များတွင် နေပြည်တော်၌
ကျင်းပသော အင်းလေးကန် အလုပ်ရုံဆွေးနွေးပွဲတွင် အကြံပြု ဆွေးနွေးကြသည်။

"ကောင်းမွန်တဲ့အုပ်ချုပ်မှုမှာ အားလုံး အကျိုးဆက်စပ်ပါ၀င်နေရမှာ ဖြစ်ပါတယ်။ အကျိုးဆက်စပ်
ပါ၀င်တယ်ဆိုတဲ့ သူတွေက စီမံခန့်ခွဲမှုပိုင်းရော၊ အသက် မွေးဝမ်းကျောင်း စီးပွားရေးလုပ်ဆောင်
နေတဲ့သူတွေအားလုံး၊ လှေမောင်းသူကအစ ဈေးသည်တွေအားလုံးပဲ ပါ၀င်မှာ ဖြစ်ပါတယ်။ ဒီမှာ
သဘောထားအမြင် တွေ အမျိုးမျိုးရှိနိုင်ပေမယ့် စီမံကိန်းကို ဘယ်လိုရှေ့ဆက်ပြီး ဆောင်ရွက်ရမယ်
ဆိုတာနဲ့ပတ်သက်ပြီး အားလုံး တစ်ပြေးညီ သဘောပေါက်ပြီး အားလုံး သဘောတူညီတဲ့စီမံကိန်း
ဆောင်ရွက်နိုင်ဖို့လိုပါမယ်။ တူညီတဲ့သဘောပေါက်မှုအတွက် အခြေခံကတော့ ကိုယ်သိတဲ့သတင်း
အချက်အလက်တွေကို မျှဝေဖို့ဖြစ်ပါတယ်။ အပြန်အလှန်မျှဝေခြင်းအားဖြင့် လုပ်ငန်းဆောင်ရွက်တဲ့
နေရာမှာ အပြန်အလှန် ညှိနှိုင်းဆောင်ရွက်လာနိုင်မှာ ဖြစ်ပါတယ်"ဟု နိုင်ငံတကာဖွံ့ဖြိုးရေးသိပ္ပံ
အဖွဲ့မှ Mr Joern Kristensen က ပြောသည်။

ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်မှုကဲ့သို့ ပင်အဓိကကျသော လိုအပ်မှုမှာ ထိန်းသိမ်းရေးလုပ်ငန်းစဉ်များ
စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရန် လုံလောက်သော ရန်ပုံငွေထူထောင်ထားရှိရန် ဖြစ်ကြောင်း
၎င်းကပြောသည်။

"ပြီးခဲ့တဲ့ အင်းလေးကန်ထိန်းသိမ်းရေး လုပ်ငန်းစဉ်တွေမှာ မအောင်မြင်ရတဲ့ အကြောင်းကို ဆန်းစစ်
ကြည့်မယ်ဆိုရင် ရန်ပုံငွေအလုံအလောက် စဉ်ဆက်မပြတ် မရရှိတာကြောင့် လုပ်ငန်းတွေဟာ ရန်ပုံ
ငွေရမယ့်အချိန်တွေကို စောင့်ရင်းလုပ်ခဲ့တဲ့ လုပ်ငန်းတွေဟာ အလဟဿဖြစ်သွားတာမျိုး ဖြစ်တတ်
ပါတယ်။ ဒါကြောင့်မို့ အင်းလေးကန် အကျိုး ဆောင်ရန်ပုံငွေ (Lake Trust Fund) ထူထောင်ဖို့
အကြံပြုပါတယ်"ဟု ၎င်းက ပြောသည်။

သမ္မတဦးသိန်းစိန် ၂၀၁၂ ခုနှစ်၊ မတ်လတွင် အင်းလေးသို့ ရောက်ရှိစဉ်ကလည်း အင်းလေးကန်
ထိန်းသိမ်းရေး အတွက် ရန်ပုံငွေတစ်ရပ်ထူထောင်ရန် နှင့် ၎င်းရန်ပုံငွေထိန်းသိမ်းရေးအဖွဲ့မှ ကာလ
ရှည်ရန်ပုံငွေ ရရှိရေးအတွက် ပြည်တွင်းပြည်ပ အလှူရှင်များ၊ ဟိုတယ် လုပ်ငန်းရှင်များမှ ထည့်ဝင်
ငွေများဖြင့် တည်ထောင်သင့်ကြောင်း လမ်းညွှန်ခဲ့သည်ကိုလည်း တွေ့ရကြောင်း ၎င်းက ပြော
သည်။

အင်းလေးကန်အတွက် ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်မှုတွင် အစိုးရဌာနများ၊ တိုင်းရင်းသားအဖွဲ့
အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ သုတေသနအဖွဲ့များ၊ ယဉ်ကျေးမှုအဖွဲ့များ၊
ကျောင်းများနှင့် တက္ကသိုလ်များ၊ ဒေသအာဏာပိုင်များ၊ အင်းလေးကန်နဲ့ ရေဝေရေလဲဒေသတွင်
နေထိုင်သည့် လယ်သမား၊ ရေလုပ်သား၊ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများ စသည်ဖြင့် ကဏ္ဍစုံ
မှ ပါ၀င်ရမည်ဖြစ်ပြီး အဆိုပါ ညှိနှိုင်းပေါင်းစပ်မှုကို အကျိုးဆောင်ရန် အင်းလေးကန် အာဏာပိုင်
အဖွဲ့ ထူထောင်ရန်လိုကြောင်း ၎င်းကပြောသည်။

"ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ဖို့ဆိုတာ အလိုအလျောက်ဖြစ်လာမှာ မဟုတ်တဲ့အတွက် ဒီအင်းလေး
ကန် အာဏာပိုင်အဖွဲ့တည်ထောင်ဖို့ကို အကြံပြုတာဖြစ်ပါတယ်။ ဒီအဖွဲ့ကနေ ၀န်ကြီးဌာနက
၂၀၁၀ မှာ ဖွဲ့စည်းထားတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ အင်းလေးကန် ရေရှည်တည်တံ့
ရေးကော်မတီရဲ့ ရုံးအဖွဲ့ အနေနဲ့ တာဝန်ယူဆောင်ရွက်မှာ ဖြစ်ပါတယ်။ နောက် အင်းလေးကန်
အာဏာပိုင်အဖွဲ့ဟာ ကန်နဲ့ပတ်သက်တဲ့ အချက်အလက်မှတ်တမ်းစုတွေ ထိန်းသိမ်းထား ရှိမယ့်
ကိစ္စတွေမှာလည်း တာဝန်ယူရမှာ ဖြစ်သလို၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောဝန်ကြီးဌာန
ရဲ့ အင်းလေးကန် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုကိုလည်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်
ပေးမှာဖြစ်ပါတယ်။ နောက် အာဏာပိုင်အဖွဲ့ရဲ့ အရေးကြီးတဲ့ တာဝန်တစ်ခုကတော့ အင်းလေးကန်
အကျိုးဆောင် ရန်ပုံငွေကိုထူထောင်ပြီး စီမံခန့်ခွဲဖို့ ဖြစ်ပါတယ်"ဟု Mr Joern Kristensen က
ပြောသည်။

အင်းလေးကန် အာဏာပိုင်အဖွဲ့ တည်ထောင်ခြင်းသည် ညှိနှိုင်းဆောင် ရွက်ရန်သာဖြစ်ပြီး ဆုံးဖြတ်
ခွင့် လုပ်ပိုင်ခွင့်များကို လက်ရှိတာဝန်ယူ ဆောင်ရွက် နေသော ၀န်ကြီးဌာနများထံမှ လွှဲပြောင်း ရယူ
မည့်သဘောမဟုတ်ကြောင်း၎င်းက ပြောသည်။

နိုင်ငံတကာ ဖွံ့ဖြိုးရေးသိပ္ပံအဖွဲ့သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဌာနမှ
အဆင့်ဆင့် ဆောင်ရွက်သွားမည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အင်းလေးကန်ကို
ရေရှည်တည်တံ့သော နည်းလမ်းများဖြင့် စီမံခန့်ခွဲရေးလုပ်ငန်း စီမံချက် ၂၀၁၀-၂၀၂၅ ကို ရေးဆွဲရာ
တွင် အကူအညီပေးရန် နော်ဝေအစိုးရ၏ ပံ့ပိုးမှု ဖြင့် အင်းလေးကန်ထိန်းသိမ်းရေး အနာဂတ်အတွက်
စီမံချက်အမည်ရှိ လေ့လာမှုအစီရင်ခံစာကို နိုဝင်ဘာလတွင် ထုတ်ပြန်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး