မန္တလေးမြို့တောင်ဘက် အစွန်အဖျားပိုင်းတွင် မြို့တော်စည်ပင်သာယာက တန်ဖိုးနည်းအိမ်ရာများ
တည်ဆောက်သွားမည်ဖြစ်ရာ ယခင်ကျူးကျော် ပြဿနာများဖြစ်ပွားခဲ့သော မြရည်နန္ဒာ ရပ်ကွက်
နေရာများတွင် တည်ဆောက်မည်မဟုတ်ကြောင်း၊ မြို့ကွက်သစ် ဖော်ထုတ်ရေးအတွက် မြေကွက်
သတ်မှတ်မထားရသေးသော နေရာများတွင်သာ တည်ဆောက်သွားမည်ဖြစ်ကြောင်း မြို့တော်
စည်ပင် အဆောက်အအုံဌာန၊ ဌာနစုမှူး ဦးဇော်ဝင်းက ပြောသည်။
"အခုတန်ဖိုးနည်းအိမ်ရာက ပြဿ နာတွေဖြစ်ခဲ့တဲ့နေရာတွေမှာ မဟုတ်ပါဘူး။ အဲနေရာတွေက
မြေကွက်တွေ၊ ဂရန်တွေ ချထားပြီးသားပါ။
"အိမ်ရာစီမံကိန်းအတွက် ၄၄ ဒသမ ရ၇ ဧကအသုံးပြုသွားမယ်။ မြေကွက် မရိုက်ရသေးတဲ့နေရာ
တွေမှာ တည် ဆောက်သွားမှာပါ"ဟု ၎င်းက ဆက်လက်ပြောသည်။
တန်ဖိုးနည်း အိမ်ရာစီမံကိန်းကို ချမ်းမြသာစည်မြို့နယ် ယုဇနလမ်းနှင့် မန္တလေး-ပြင်ဦးလွင်သံလမ်း
ကြား၊ ၄၄ လမ်းနှင့် ၄၈ လမ်းကြားရှိ အကွက် မမ-၁၅၊ ၁၆၊ ၂၆၊ ၂၇၊ ၂၈ နှင့် ၂၉ အတွင်းတွင်
အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
တည်ဆောက်ရာမှာ အဆောက်အအုံ တစ်လုံးလျှင် လေးခန်းတွဲ လေးထပ် တည်ဆောက်သွားမည်
ဖြစ်ပြီး အခန်း စုစုပေါင်း ငါးထောင်နီးပါး ဆောက်လုပ် သွားရန်ရှိကြောင်းသိရသည်။
အိမ်ခန်းတစ်ခန်းလျှင် ၃၄ ပေနှင့် ပေ ၂၀ သတ်မှတ်ထားပြီး ၎င်းအကျယ်အဝန်းတွင် အိပ်ခန်းနှစ်ခန်း၊
ဘုရားခန်း၊ ဧည့်ခန်း၊ မီးဖိုချောင်နှင့် သန့်စင်ခန်းတို့ ပါ၀င်မည်ဖြစ်ကာ အိမ်ရာများအကြားတွင်
စိမ်းလန်းသတ်မှတ်ဧရိယာများကိုလည်း ထည့်သွင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
မြရည်နန္ဒာရပ်ကွက်တွင်နေထိုင်သူ အသက် ၄၅ နှစ်အရွယ်ရှိ ကိုဇော်ဝင်းက "တန်ဖိုးနည်းအိမ်ရာ
ဆောက်ပေးတာကိုတော့ ၀မ်းသာပါတယ်။ တန်ဖိုးကိုတော့ တတ်နိုင်သမျှ နည်းစေချင်တယ်။
ပြီးတော့ရောင်းချမယ့်ပုံစံ၊ အိမ်ယာပေးမယ့်စနစ်တွေက ဘယ်လိုပေးမလဲ၊ အရေးကြီးတဲ့အတွက်
စနစ်တကျလုပ် ပေးစေချင်တယ်"ဟု ပြောသည်။
















