စားသုံးရန် မသင့်တော်သော စားဆီအချို့ မန္တလေးဈေးကွက်တွင် ရောက်ရှိနေ

စားသုံးရန် မသင့်တော်သော စားဆီအချို့ မန္တလေးဈေးကွက်တွင် ရောက်ရှိနေ

စားသုံးရန်လုံးဝမသင့်တော်သော ဓာတုဗေဒအမှုန့်တစ်မျိုးသုံး၍ မခဲ အောင်ပြုလုပ်ထားသော
စားဆီတချို့ မန္တလေးဈေးကွက်တွင် ရှိနေကြောင်း မန္တလေးတိုင်းဒေသကြီး၊ ဆီကုန်သည်များနှင့်
ဆီလုပ်ငန်းရှင်များအသင်း၊ အတွင်းရေးမှူးက မြန်မာတိုင်း(မ်)ကို ပြောသည်။

"ကျွန်တော်တို့သိတာ သိပ်မကြာသေးပါဘူး။ အစားအသောက်တွေမှာ အသုံး ပြုတာမဟုတ်တဲ့
ဓာတုဗေဒဆေးမှုန့် တစ်မျိုးကိုသုံးပြီး စားအုန်းဆီကို မခဲ အောင်ပြုလုပ်ထားတာကို ကျွန်တော်တို့
တွေ့ရှိရပါတယ်။ ကျွန်တော်တို့ ဈေးကွက်ကို တရားဝင် ၀င်နေတဲ့ စားအုန်းဆီတွေ တောင် အရမ်း
အေးတဲ့အချိန်မှာ နည်းနည်းမှုန်တာကို တွေ့ရတာပါ တယ်။ ကျန်းမာရေးနဲ့ညီညွတ်ပါတယ်ဆိုတဲ့
ပဲဆီနဲ့နှမ်းဆီမှာလည်း ခဲမှတ်ဆိုတာရှိ ပါတယ်။ အခုကျွန်တော်တို့တွေ့ရှိရတဲ့ ဆီကတော့ ရေခဲ
သေတ္တာထဲကို ထည့်ထားတာတောင် လုံးဝမခဲတာကို တွေ့ရတယ်။ ဒီလိုဆီမျိုး ဈေးကွက်ထဲမှာ
ရောက်ရှိနေတာကို စားသုံးသူကို သိစေချင်တာပါ။ ဒါမှ စားတဲ့အခါမှာ သတိထားစားနိုင်မှာပါ"ဟု
အဆိုပါအသင်းမှ အတွင်းရေးမှူး ဦးထွန်းထွန်းက ဆိုသည်။

ဆီအသင်းသည် ယင်းဓာတုဗေဒ အမှုန့်၏ ဘေးထွက်ဆိုးကျိုးများကို သေချာသိရှိနိုင်ရန် ကြိုးစား
လျက်ရှိပြီး အရေးယူဆောင်ရွက်နိုင်ရေးအတွက်လည်း သက်ဆိုင်ရာသို့ တင်ပြထားကြောင်း ၎င်းက
ဖြည့်စွက်ပြောသည်။

မခဲဆေးဟု ယေဘုယျခေါ်သော ယင်းဆေးမှုန့်များမှာ လုပ်ငန်းသုံးအဖြစ် တရုတ်နိုင်ငံမှ ၀င်ရောက်
နေခြင်းဖြစ်ပြီး အလေးချိန်တစ်ပေါင်ရှိသည့် ဆေးမှုန့် တစ်ထုပ်ကို ကျပ် ၁၅,၀၀၀ ခန့်သာ ပေးရ
ကြောင်း သိရသည်။

"စပြီးသတိထားမိတာကတော့ အဲလို လုပ်ထားတဲ့ဆီတွေရဲ့ ရောင်းဈေးပါပဲ။ စားအုန်းဆီတစ်ပိဿာ
ကို ကျပ် ၁,၅၀၀ ၀န်းကျင်နဲ့ ပြည်ပက ပုံးနဲ့ဝင်တဲ့ စားအုံးဆီ တစ်ပိဿာကို ကျပ် ၂,၆၆၀ ရှိနေတဲ့
အချိန် မှာ သူက အဲဒီဆေးသုံးထားတဲ့ ဆီတွေကို ပဲဆီအနံ့ထည့်ပြီး တစ်ပိဿာကို ကျပ် ၂,၁၀၀
၀န်းကျင်နဲ့ ရောင်းချနေတာကို တွေ့ရတယ်။ ဒီလိုဈေးနဲ့ ရောင်းဖို့က စားအုန်းဆီ အကောင်းသုံးထား
တာ လုံးဝမဖြစ်နိုင်တော့ဘူး။ အရည်အသွေး ညံ့တဲ့စားအုန်းဆီတွေကို သုံးထားတာပဲ ဖြစ်နိုင်တယ်
လို့ သုံးသပ်မိတယ်။ ဒါ ကြောင့် ဆက်ပြီးလေ့လာမိတော့ ဒီလို တွေသုံးထားတယ်ဆိုတာ တွေ့ရ
တယ်" ဟု ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၊ အဖွဲ့ဝင်တစ်ဦးက ရှင်းလင်း ပြောပြ
သည်။

ကုန်ကြမ်းဈေးနှင့် အခြားကုန်ကျ စရိတ်များကြောင့် ပဲဆီအစစ် တစ်ပိဿာ လျှင် ကျပ် ၃,၄၀၀ နှင့်
အထက်တွင်သာ ရှိနိုင်ကြောင်း၊ ကျပ် ၃,၄၀၀ အောက် ဖြစ်ပါက မည်သို့ပင် ပဲဆီနံ့ရစေကာမူ ပဲဆီ
အစစ် မဖြစ်နိုင်တော့ကြောင်း၊ ယင်းကို စားသုံးသူများသိရှိနိုင်ရန် လိုအပ် ကြောင်း ဆီစက်လုပ်ငန်း
ရှင်တစ်ဦးကလည်း ဆိုသည်။

"အရင်က ဆီကြည်တယ်၊ ပဲဆီနံ့ရ တယ်ဆိုရင် ပဲဆီလို့ သတ်မှတ်ကြတယ်။ ဆီကို ရေခဲသေတ္တာထဲ
ထည့်ပြီး ခဲမခဲ စမ်းသပ်ကြတယ်။ အခုဆီတွေက ပဲဆီနံ့ ရအောင်လည်း အနံ့ဆီသုံးကြတယ်။ မခဲ
အောင်လည်း ဆေးသုံးကြတယ်ဆိုတော့ ဆီအကောင်းကလည်းမခဲဘူး။ ဆီအညံ့ ကလည်း မခဲ
တော့ဘူး။ ရေခဲသေတ္တာထဲ ထည့်စမ်းတဲ့အဖြေက ယုံကြည်လို့မရ တော့ဘူး။ လက်ရှိအခြေအနေမှာ
သာမန်လူတစ်ယောက်အနေနဲ့ ပဲဆီ အကောင်းကို ဘယ်လိုရွေးချယ်မလဲ၊ ကိုယ့်ကျန်းမာရေး
အတွက် ကိုက်ညီ အောင် ဘယ်လိုရွေးချယ်မလဲဆိုတဲ့ ပြဿနာတွေကများလာတယ်။

"ဒီကိစ္စကိုဖြေရှင်းဖို့ နံပါတ်တစ် ပြဿနာက ဒီဆီမှာ ဆိုးကျိုးဘယ် လောက်ရှိမှန်း အဖြေထုတ်ပေး
နိုင်တဲ့ ဓာတ်ခွဲခန်းမရှိဘူး။ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်မယ့် ဓာတ်ခွဲခန်း မရှိတော့ ကျွန်တော်
တို့က မြန်မြန်ဆန်ဆန် မဖော်ထုတ်နိုင်တော့ဘူး။ နောက်ပြီး ကျွန်တော်တို့မှာ တားဆီးနိုင်တဲ့ အနေ
အထားနဲ့ ဟန့်တားနိုင်တဲ့ အခြေအနေမရှိတော့ စားသုံးသူကို အသိပေးရုံ၊ သတိ ပေးရုံပဲ လုပ်နိုင်
တော့တယ်" ဟု ၎င်းက ပြောသည်။

ဈေးကွက်တွင် ယခင်ကလည်း ယင်း ကဲ့သို့ မသန့်ရှင်းသောဆီများ၊ စားအုန်း ဆီတွင် အနံ့ဆီထည့်၍
ရောင်းချသော ဆီများဝင်ရောက်ခဲ့ဖူးပြီး ယခုကဲ့သို့ စားသုံးရန်မသင့်သော ဆီများလည်း ထပ်မံဝင်
ရောက်လာနိုင်ခြင်းကြောင့် စားသုံးသူ ကာကွယ်ရေးဥပဒေတစ်ရပ် အလျင်အမြန်ပေါ်ထွက်လာရန်
မျှော်လင့်ကြောင်း၊ သို့မှသာ ယခုကဲ့သို့ ကိစ္စများကို အရေးယူဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း ဆီ
အသင်းမှ တာဝန်ရှိသူများက ဆိုသည်။

"ထိထိရောက်ရောက် တစ်ခါ၊ နှစ်ခါလောက် အရေးယူလိုက်ရင် ဘယ်သူမှ လုပ်ရဲကြတော့မှာ
မဟုတ်ပါဘူး။ ဒါပေမဲ့ အခုအခြေအနေက အဲလိုကို မလုပ်နိုင် သေးဘူးဖြစ်နေတယ်။ ဒါကြောင့်
စားသုံး သူတွေကိုပဲ ရွေးချယ်စားသုံးတတ်တဲ့ အသိရှိဖို့ ပညာပေးနေရတာပါ။ ထုတ်လုပ်သူတွေက
လည်း ကျင့်ဝတ်သိက္ခာရှိရှိ ထုတ်လုပ်စေချင်တယ်။ ကိုယ့်ထုတ်ကုန်ကို ကိုယ်တာဝန်ယူနိုင်ရမယ်။
ကိုယ်ရောင်းချတဲ့ပစ္စည်း အစစ်အမှန် ဖြစ်ကြောင်း ရဲရဲအာမခံရဲရမယ်။ နောက်ဆုံးထုတ်လုပ်သူတွေ
ကို သတိပေးချင်တာက သေရာမပါတဲ့ ငွေကြေးအတွက် သေရာပါမယ့် အကုသိုလ်တွေ မလုပ်မိပါ
စေနဲ့လို့ ပြောချင်ပါတယ်"ဟု ဦးထွန်းထွန်းကလည်း ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး