မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် နတ်ရေကန်ကျေးရွာအုပ်စု ဖျောက်ဆိမ့်ကုန်းကျေးရွာတွင်
ပြည်ကြီးမင်္ဂလာကားကြီးကွင်းစီမံကိန်း ပြီးစီးသွားသော်လည်း ဒေသခံတောင်သူများအား နစ်နာ
ကြေးပေးအပ်မှုမရှိသေးကြောင်း ဒေသခံများက မြန်မာတိုင်း(မ်)ကိုပြောသည်။
"ကားကွင်းစီမံကိန်းကို ၂၀၁၀ မှာစပြီး အကောင်အထည်ဖော်ပါတယ်။ ဒီစီမံကိန်းကြောင့် ကျွန်တော်
တို့ရွာက လယ်မြေဧက ၁၅၀ ကျော်ဆုံးရှုံးခဲ့ပါတယ်။ ဒါပေမဲ့ အခုချိန်ထိ ကျွန်တော်တို့ ရွာသားတွေ
ရဲ့ ဆုံးရှုံးလယ်မြေတွေအတွက် နစ်နာကြေးပေးခြင်း၊ လယ်မြေအစားပြန်ပေးခြင်း လုံးဝမရှိသေးပါ
ဘူး။ ဒီစီမံကိန်းကြောင့် ကျွန်တော်တို့ရွာမှာ အလုပ်လက်မဲ့ဖြစ်သွားတာ၊ စားဝတ် နေရေးကျပ်တည်း
တာ၊ သားသမီးတွေ ပညာရေး ရပ်ဆိုင်းလိုက်ရတာတွေရှိတယ်။ ကျွန်တော်ဆိုရင် အရင်တုန်းက
လယ်ကွင်းထဲမှာပဲနေတယ်။ ကျွန်တော် နေတဲ့လယ် အသိမ်းခံလိုက်ရတဲ့အတွက် နေစရာမရှိဘူး
ဖြစ်နေတယ်။ ကလေး တွေကိုလည်း ကျောင်းဆက်မထားနိုင် တော့ပါဘူး"ဟု တောင်သူဘဝအဖြစ်
မှ ကျပန်းအလုပ်သမားဘဝ ရောက်လာ သော ဦးသောင်းထွန်းက ပြောသည်။
အဆိုပါကျေးရွာအုပ်စုရှိ ကွင်းအမှတ် (၅၅၈)ဃနှင့် (၅၅၈)ခ တွင် ကုန်စည်ဒိုင် စီမံကိန်းနှင့် ကားကြီး
ကွင်းစီမံကိန်းနှစ်ခု အကောင်အထည်ဖော်ခဲ့ရာတွင် ကုန်စည်ဒိုင်စီမံကိန်း၌ ပါ၀င်သွားသော လယ်မြေ
များမှာ နစ်နာကြေးရရှိသော်လည်း ကားကြီးကွင်းစီမံကိန်းအတွင်းရှိ လယ်မြေများမှာမူ ယနေ့အချိန်
ထိနစ်နာ ကြေးမရရှိသေးကြောင်း သိရသည်။
"ကျွန်တော်တို့တစ်မြေတည်းနေ တစ်ရေတည်းသောက်ချင်းတောင်မှ ကုန်စည်ဒိုင်စီမံကိန်းမှာပါတဲ့
သူတွေက အဲဒီကွင်းထဲမှာပဲ ပေ ၄၀၊ ပေ ၆၀ မြေကွက် နှစ်ကွက်ပြန်ရပါတယ်။ အခုစီမံကိန်းပြီး လို့
ကားဂိတ်တွေပြောင်းဖို့ရာ လုပ်နေပြီး တော့ ကျွန်တော်တို့တောင်သူတွေကို လုံးဝဥပေက္ခာပြုထားပါ
တယ်"ဟု ဦးသောင်းထွန်းက ပြောသည်။
အဆိုပါစီမံကိန်း စတင်အကောင်အထည်ဖော်စဉ်ကတည်းက တောင်သူများမှာ နစ်နာမှုများရှိခဲ့
ကြောင်း၊ တာဝန်ရှိသူများထံ အကြိမ်ကြိမ်အသနားခံစာ ပေးပို့သော်လည်း မည်သည့်ဆောင်ရွက်မှုမှ
ပေါ်ထွက်မလာကြောင်း လယ်မြေ ၁၀ ဧကပိုင်ဆိုင်သူ ဦးဝင်းဆွေက ပြောသည်။
"ဆည်မြောင်းဌာနကနေ ကျွန်တော့် ကို မြောင်းခေါင်းခန့်ထားတော့့ ရွာထဲ ပြန်မနေဘဲ တောထဲမှာ
ပဲနေတယ်။ တစ်ရက်တော့ ကျွန်တော့်လယ်ထဲကို စည်ပင်ကလူတွေ အလံတွေလာစိုက်တယ်။
တစ်ပတ်လောက်ကြာတော့ ည ၁၂ နာရီ ထိုးကြီး ဘူဒိုဇာကားကြီးတွေနဲ့ လာထိုးတယ်။ ကျွန်တော်
တို့ကို စီမံကိန်းနဲ့ပတ်သက်ပြီး စာလည်းမပေးဘူး၊ အကြောင်းလည်းမကြားဘူးဆိုပြီး သွားတားပေ
မယ့် မရပါဘူး။ ဆက်ထိုးပါတယ်။ ကုလားပဲခင်းတွေက မှည့်လုမှည့်ခင်မို့ လူကြီးလာတော့ တောင်း
ပန်ပေမယ့် မရပါဘူး။ ဒီနစ်နာမှုတွေကို ဒီနေ့အချိန်ထိ ပြန်လည်လျော်ကြေးပေးတာတွေ မရှိ သေးပါ
ဘူး"ဟု ဦးဝင်းဆွေက ပြောသည်။
ပြည်ကြီးမင်္ဂလာကားကြီးကွင်း စီမံကိန်းပြီးစီးပြီးနောက် လယ်မြေဧက ၅၀ ကျော် ပိုလျှံနေသည်ကို
မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်ခြင်း၊ မြေအစား ပြန်လည်ပေးအပ်ခြင်းမရှိဘဲ လုပ်ငန်းရှင်များကို
မြေနေရာချထားပေးကြောင်း လယ်မြေအသိမ်းခံရသူများက ဆိုသည်။
"ကားကွင်းစီမံကိန်း ပြီးစီးသွားတဲ့အပေါ်မှာ ဘေးမှာကျန်ရှိနေတဲ့ မူလ တောင်သူလယ်သမားပိုင်တဲ့
လယ်မြေ ဧက ၅၀ ကျော် ပိုလျှံနေပါတယ်။ အဲဒီ ပိုနေတဲ့ပုံတွေကို အခုခြံစည်းရိုးခတ်ထားပါတယ်။
ကျွန်တော်တို့တားပါတယ်။ ဒါဟာမူလလယ်သမားပိုင်ဖြစ်တယ်လို့ စည်ပင်သာယာရေးဝန်ကြီးနဲ့
တိုင်းဒေသ ကြီးဝန်ကြီးချုပ်ကို စာတင်ပါတယ်။ စာတင်တဲ့အခါကျတော့ စည်ပင်မြေယာဌာနကနေ
ကျွန်တော်တို့ကို ဆင့်ခေါ်ပြီး တော့ ဒါတွေဟာ ချထားပေးပြီးသားပါ။ ဂရန်တွေလည်း ကျထားပြီး
သားပါလို့ ခေါ်ပြောပါတယ်"ဟု ဦးသောင်းထွန်းက ပြောသည်။
ကုန်စည်ဒိုင်စီမံကိန်းတွင် ပါ၀င်သော တောင်သူများအား ပေးအပ်သကဲ့သို့ ကားကြီးကွင်းစီမံကိန်း
တွင် ပါ၀င်သော တောင်သူများလည်း ရရှိလိုကြောင်း၊ ထို့ ပြင် စီမံကိန်းပြင်ပ ကင်းလွတ်နေရာကို
လည်း မူလလယ်သမားများကို ပြန်လည် ပေးအပ်စေလိုကြောင်း ဦးသောင်းထွန်း က ပြောကြား
သည်။
နတ်ရေကန်ကျေးရွာမှ ရပ်မိရပ်ဖ တစ်ဦးကလည်း "မန္တလေးတိုင်းဒေသ ကြီးထဲမှာရှိတဲ့ စီမံကိန်း
တော်တော်များများဟာ ကျွန်တော်တို့အမရပူရမြို့နယ် နတ်ရေကန်ကျေးရွာအုပ်စုအနီး မှာပဲကျ
ရောက်နေပါတယ်။ စက်မှုလယ်ယာ၊ ဆည်မြောင်း၊ တိုင်းရင်းသား ဒီဂရီကောလိပ်၊ စွယ်တော်ဘုရား၊
စွယ်တော်ဘုန်းကြီးကျောင်း၊ စွယ်တော်သီလရှင်ကျောင်း၊ က.ည.နရုံး၊ ကုန်စည်ဒိုင်စီမံကိန်း၊
ကားကြီးကွင်းစီမံ ကိန်းတွေဟာ တစ်ကွင်းတစ်ကွက်တည်း ကျွန်တော်တို့နေရာမှာပဲ ကျရောက်နေ
တဲ့အတွက် တောင်သူတွေအားလုံးဟာ သူများကူလီတွေဖြစ်ကုန်ကြပါပြီ။ အခု ကားကွင်းစီမံကိန်း
မှာ ပါသွားတဲ့ တောင်သူ ၄၂ ဦးဟာ အမှန်တကယ် နစ်နာရတဲ့သူတွေပါ။ စီမံကိန်းပြီးလို့ လွတ်နေ
တဲ့မြေတွေကို တောင်သူတွေ ပြန်ပေးရမယ့်အစား ကုမ္ပဏီတွေနဲ့ သက်ဆိုင်ရာပေါင်းပြီး ရယူထား
သလို ဖြစ်နေတယ်"ဟု ၎င်းက ပြောသည်။
"အဲဒီမြေနေရာတွေကို (လ/န) ချပေး ထားတာ ၁၉၉၈ ခုနှစ်လောက်ကတည်း က မြို့ကွက်သစ်
ဖော်ထုတ်ရေးအတွက် ချထားပေးထားတယ်လို့ မှတ်တမ်းတွေ ရှိပါတယ်။ "အရင်တုန်းက (လ/န)
ချထားပေးပြီး ဂရန်တွေဖောက်ကတည်းက လူတွေမနေထိုင်ခဲ့လို့ အခုလို ပြဿနာတွေဖြစ် လာရ
တာပါ။
"ဒီလိုပြဿနာတွေကို ကြိုတင် ကာကွယ်တဲ့အနေနဲ့ အခုဆိုရင် မြို့ကွက်သစ်ချထားပေးတဲ့ မြေ
နေရာတွေကို ၀င်း ခြံခတ်ဖို့အတွက်ကိုလည်း ကြေညာ နေပါတယ်"ဟု မန္တလေးမြို့တော်စည်ပင်
သာယာရေးကော်မတီ၊ မြေယာဌာန၊ ဌာနမှူး ဦးခင်မောင်မြင့်က ပြောသည်။
















