မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ နှစ်ကျပ်ခွဲ ကျေးရွာဒေသခံများက
ကိုယ်ထူကိုယ်ထ မီးတိုင်များစိုက်ထူထားရာ မြို့နယ် လျှပ်စစ်အာဏာပိုင်များက လိုင်းယူသုံးစွဲရန်
စီစဉ်မှုနှင့်ပတ်သက်၍ ပဋိပက္ခများ ဖြစ်ပွားလျက်ရှိကြောင်း ကျေးရွာ မီးလင်းရေးကော်မတီဥက္ကဋ္ဌ
ဆရာတော် ဦးကောသလ္လက ယခုလ ၈ ရက်နေ့တွင် မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်း၌ ပြုလုပ်
သော ရှင်းလင်းပွဲတွင် မိန့်ကြားသည်။
"ဒီလို ကိုယ်ထူကိုယ်ထမီးရဖို့ လုပ်ခဲ့တာ ၂၀၀၀ ပြည့်နှစ်ကတည်းက စတင်ခဲ့တာပါ။ ၂၀၀၇ မှာ
တော့ စာရေးလျှောက်ထားခဲ့တယ်။ အဲဒီမှာ အမှတ်(၂)လျှပ်စစ်ဝန်ကြီးက ခွင့်ပြုခဲ့တယ်။ ရပ်နီး
ရပ်ဝေးက အလှူရှင်တွေကနေ ထည့်ဝင်တဲ့အလှူငွေ ကျပ်သိန်း ရ၀၀ ကျော်နဲ့ ၂၀၀၈ ခုနှစ်မှာ မီး
စတင်လင်းခဲ့တယ်။ မီတာ ၁၅၄ လုံး၊ တိုင်ပေါင်း ၆၃တိုင် ရှိတယ်။ ဒီလိုနည်းနဲ့ မီးရရှိလာပြီး ခုချိန်မှာ
သူတို့က အတင်းချိတ်မယ်ဆိုပြီး တိုင်တွေမှာ လှေကားတွေ ထောင်ကြတယ်။ မဟုတ်မတရား
အဓမ္မ ဓားပြတိုက်နေတဲ့သဘော ဖြစ်နေတဲ့အတွက် လက်မခံနိုင်တာ"ဟု ၎င်းက ပြောသည်။
ဇန်နဝါရီ ၂၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး စက်မှုနှင့် လျှပ်စစ်ဝန်ကြီး ဒေါက်တာမြင့်ကြူနှင့်
တိုင်းပြည်သူ့ ရဲတပ်ဖွဲ့မှူးကြီး၊ တိုင်းလျှပ်စစ်အင်ဂျင်နီယာ၊ တိုင်းသာသနာရေးမှူး၊ ခရိုင်လျှပ်စစ်
အင်ဂျင်နီယာ၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်သာသနာရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်လျှပ်စစ်အင်ဂျင်
နီယာ၊ မြို့နယ် သာသနာရေးမှူး အပါအဝင် ကျောက်ပန်းတောင်း တိုင်းဒေသကြီး လွှတ်တော်
ကိုယ်စားလှယ် ဦးဝင်းမြင့်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ရဲတပ်ဖွဲ့ဝင် အင်အား
၁၀၀ ကျော်၊ လျှပ်စစ် ၀န်ထမ်း ၃၀ ကျော် ရောက်ရှိလာကာ တိုင်းဒေသကြီးဝန်ကြီး ဦးမြင့်ကြူက
ဆရာတော်အား ဥပဒေအရ ကိုယ်ထူကိုယ်ထ ဆွဲယူထားသည့် ၁၁ ကေဗီ ဓာတ်အားလိုင်းမှ ဆွဲယူ
အသုံးပြုမည် ဖြစ်ကြောင်း ဆရာတော်မှ ခွင့်ပြု၊ ခွင့်လွှတ် ပေးရန် လျှောက်ထားရာ ဆရာတော်က
ခွင့်မပြုနိုင်ကြောင်းကို ပြန်လည် မိန့်ကြားခဲ့ကြောင်း ပြောသည်။
၁၁ နာရီအချိန်တွင် အဆိုပါရဲတပ်ဖွဲ့ဝင်များ အင်အားနှင့်ရောက်ရှိလာကြရာ မီးတိုင်များမှ တစ်ဆင့်
ဆက်သွယ်ခြင်းကို ကာကွယ်ရန်အတွက် ဆရာတော်အပါအဝင် ဦးဇင်းများ၊ ကိုရင်များက ၁၁
ကေဗီ ဓာတ်အားလိုင်းထိပ်တွင် စောင့်ဆိုင်း ကာကွယ် ဖက်တွယ်ထားခဲ့ကြောင်း ရွာသူရွာသားများ
ကလည်း ပတ်လည်ဝန်းရံထားခဲ့ပြီး နှုတ်မှလည်း အဓမ္မသမားများ အလိုမရှိ၊ ကိုယ်ထူကိုယ်ထတိုင်
များကို ကာကွယ်ကြဟု ကြွေးကြော် ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
"ညနေ ၃ နာရီလောက်မှာ တိုင်းရဲတပ်ဖွဲ့မှူးတွေက စုဝေးနေသူတွေကို ဖယ်ရှားပေးဖို့ သုံးကြိမ်တိတိ
ကြေညာခဲ့ပါတယ်။ အဲဒီလို ကြေညာအပြီးမှာ ဓာတ်တိုင်တစ်ဝိုက်မှာ လူအုပ်စု ပိုများလာပြီး အုပ်စု
အထပ်ထပ်ဝန်းရံခဲ့ကြပါ တယ်။ ညနေ ၆ နာရီ လောက်မှာ လူအုပ်စု ပိုများလာလို့ ရဲတပ်ဖွဲ့တွေက
ထွက်သွားတယ်"ဟု ၎င်းက ပြောသည်။
ပုံမှန်အားဖြင့် ကိုယ်ထူကိုယ်ထ လိုင်းဝင်ရာတွင် သက်ဆိုင်ရာခွင့်ပြုချက်ရယူ ထားခြင်းဖြစ်ပါက၊
လတ်တလောတွင် မြို့နယ်မှလိုင်းယူသုံးလိုပါက ဒေသခံများ၏ ခွင့်ပြုချက်ရမှ သုံးခွင့်ရှိကြောင်း
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"မြို့နယ်လျှပ်စစ်ကို လုံးလုံးလွှဲပေးလိုက်တာမျိုးဆိုရင်တော့ လိုင်းယူသုံးလို့ ရပါတယ်။ ကိုယ်ထူ
ကိုယ်ထလိုင်း ၀င်ထားရင်တော့ ကာယကံရှင်ခွင့်ပြုချက် မရရင် ယူသုံးခွင့်မရှိပါဘူး'ဟု ၎င်းက
ပြောသည်။















