တန်ဖိုးနည်းမြေရာကိုလည်း စဉ်းစားသင့်တဲ့ မန္တလေးအိမ်မြေ (၁)

တန်ဖိုးနည်းမြေရာကိုလည်း စဉ်းစားသင့်တဲ့ မန္တလေးအိမ်မြေ (၁)

မန္တလေးမြို့မှာ အခုအခါ တန်ဖိုးနည်းအိမ်ရာစီမံကိန်းမျိုးကို ပထမဆုံးအနေနဲ့ အကောင်အထည်ဖော်
ဖို့ မြို့တော် စည်ပင်သာယာရေးကော်မတီက စီစဉ် နေတာရှိသလို တစ်ဖက်မှာဒီလိုစီမံကိန်း အပြင်
တန်ဖိုးနည်းမြေရာအစီအစဉ်မျိုး ကို ထည့်သွင်းစဉ်းစားသင့်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်
တွေနဲ့ အိမ်ခြံမြေအကျိုးဆောင်တွေက အကြံပြု ပြောကြားပါတယ်။

အိမ်ခြံမြေဈေးကွက်မှာ လက်ရှိပေါက် ဈေးအနေအထားအရ မြေကွက်တစ်ကွက်ကို ၀ယ်ယူပိုင်ဆိုင်
ဖို့ဆိုတာ သာမန်လူတန်းစားတစ်ရပ်အတွက် အတော်ခက်ခဲနေတဲ့ အနေအထားလို့ ဆိုရမှာဖြစ်ပါ
တယ်။

ပြောရရင် လူလတ်တန်းစား မိသားစုတစ်စုအနေနဲ့ စားပြီးသောက်ပြီးတစ်လကို ပျမ်းမျှကျပ်သုံးသိန်း
လောက် ပိုလျှံစုမိတယ်ဆိုရင်ပဲ အခုခေတ်မှာ မဆိုးဘူးလို့ သတ်မှတ်နိုင်မှာဖြစ်ပေမယ့် ဒီလို အခြေ
အနေကို ပိုင်ဆိုင်ထားတယ်ဆိုရင် တောင်မှ မြေတစ်ကွက်ကို ၀ယ်ယူဖို့ဆိုရင်တော့ နှစ်အတော်ကြာ
စိတ်ရှည် လက်ရှည်နဲ့ စုဖို့ဆောင်းဖို့လိုပါလိမ့်မယ်။

အဲဒီလိုအနေအထားမျိုးမှာ လူတွေဟာ နေရေးအတွက် ကိုယ်တတ်နိုင်တဲ့ ငွေပမာဏနဲ့ဆိုရင်
အတတ်နိုင်ဆုံးအားထုတ်ပြီး မဖြစ်ဖြစ်အောင် ကြိုးစားဝယ်ယူ လိုတဲ့စိတ်မျိုးရှိနေတာကိုလည်း
မှန်းဆ ကြည့်ရင်ရနိုင်ပါတယ်။

ဥပမာပြောရရင် ပြီးခဲ့တဲ့နှစ်အတွင်း က မန္တလေးမြို့ရဲ့ အရှေ့တောင်ဘက်မှာ ဖြစ်ပျက်ခဲ့တဲ့ မြေရာ
အရှုပ်အရှင်းကိစ္စ ရပ်တွေကို ပြန်ကြည့်ရင်သိနိုင်ပါတယ်။

အဲဒီအခါက အရှင်းဆုံးပြောရရင် တရား မဝင်မှန်းသိသိနဲ့ စွန့်စားပြီးဝယ်လိုက်တဲ့ငွေရှင်ကြေးရှင်တွေ
လည်းပါခဲ့ကြောင်း သိရသလို ကိုယ်တတ်နိုင်တဲ့ ငွေပမာဏ လေးဖြစ်ပြီး တရားဝင်တယ်ထင်လို့
နေစရာ၊ ကျောခင်းစရာတစ်နေရာလေး ရပြီဆိုပြီး ရှိသမျှခြစ်ခြုတ်ပုံအောဝယ်လိုက်ကြသူတွေလည်း
ရှိခဲ့ပါတယ်။

ပြောချင်တာကတော့ ကိုယ်တတ်နိုင် တဲ့ တန်ဖိုးနည်းပမာဏနဲ့ဆိုရင် နေစရာ ကိုတပ်မက်ပြီး
၀ယ်ကြမယ့်သူတွေများ ပြားမယ်ဆိုတာပါပဲ။ အခုတန်ဖိုးနည်းမြေရာ မဟုတ်ပေမယ့် စည်ပင်သာ
ယာအနေနဲ့ တန်ဖိုး နည်းအိမ်ရာစီမံကိန်းအဖြစ် ချမ်းမြသာစည်မြို့နယ် ယုဇနလမ်းနဲ့ မန္တလေး-ပြင်ဦး
လွင်သံလမ်းကြား၊ ၄၄ လမ်းနဲ့ ၄၈ လမ်း ကြားမှာရှိတဲ့ 'မမ' အကွက်ကြီးတွေဖြစ် တဲ့ အကွက် ၁၅၊
၁၆၊ ၂၆၊ ၂၇၊ ၂၈၊ ၂၉ အတွင်း အကောင်အထည်ဖော်သွားဖို့ စီစဉ်နေပြီး အဲဒီအတွက် အဆောက်
အအုံတည်ဆောက်ဖို့ တင်ဒါတွေလည်း အပြိုင်ခေါ်ယူထားပါတယ်။

အဲဒီအကွက်ကြီးတွေအတွင်း ကနဦး သိရှိချက်အရ လေးခန်းတွဲ၊ လေးထပ် အဆောက်အအုံတွေ
တည်ဆောက် သွား ဖို့ရှိပြီး အခန်းစုစုပေါင်း ၅,၀၀၀ လောက် ပါ၀င်သွားနိုင်မယ်လို့ သိရပါတယ်။

ဒီနေရာမှာ လူတွေသိချင်လာတဲ့ အဓိကအချက်တွေက အခန်းတစ်ခန်းကို ဘယ်လောက်နှုန်းနဲ့
ရောင်းချသွားမလဲဆိုတာရယ်၊ ပြီးတော့ ဘယ်လိုလူတွေ အတွက် အဓိကဦးစားပေးအဖြစ်
သတ်မှတ်ရောင်းချသွားမလဲဆိုတာတွေရယ်ပဲ ဖြစ်ပါလိမ့်မယ်။

'တန်ဖိုးနည်း'လို့ ဆိုထားတဲ့အတွက် လူအများစု စိတ်ဝင်စားမိကြမှာဖြစ်ပေမယ့် ခေတ်ကာလပေါက်
ဈေးအရ တည်ဆောက်စရိတ်ကို ချိန်ထိုးပြီးမှ ဈေးနှုန်းဆိုတာ အတည်ဖြစ်နိုင်မှာကိုတော့ ထည့်
စဉ်းစားထားကြရမှာ ဖြစ်ပါတယ်။

"လက်ရှိမှာ တည်ဆောက်စရိတ်က တစ်ပေပတ်လည်ဆိုရင် ၁၈,၀၀၀ ကျပ် လောက်ရှိနေပါတယ်။
ဒါကြောင့် ပေ ၂၀ x ပေ ၃၀ ပတ်လည်အဆောက်အအုံဆိုရင် ကျပ်သိန်း ၁၀၀ ကျော်လောက် ကျ
နိုင်ပါတယ်။ ဒါဟာ အခြေခံအဆောက် အအုံပဲ ရှိပါသေးတယ်၊ တခြားလိုအပ် ချက်တွေဖြစ်တဲ့ ရေ၊
မီးကိစ္စတွေ မပါသေး ပါဘူး"လို့ CAD ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးဇင်မင်းဆွေက ရှင်းပြပါတယ်။

တန်ဖိုးနည်းအိမ်ရာမှာ အခန်းတစ် ခန်းရဲ့အကျယ်ကလည်း အနည်းဆုံး တော့ ပေ ၂၀ x ပေ ၃၀
ပတ်လည်ရှိရမှာ ဖြစ်ပါတယ်။

ဒီလိုအနေအထားမှာ တန်ဖိုးနည်းအိမ်ရာအပြင် 'တန်ဖိုးနည်းမြေ ယာ'ဆိုတာကိုလည်း ထည့်သွင်း
စဉ်းစား သင့်တဲ့အချက်တွေရှိလာကြောင်း ဦးဇင်မင်းဆွေက ဆက်ပြောပြပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး