မန္တလေးမြို့ ၃၄ လမ်း၊ ရ၈ လမ်းနှင့် ရ၉ လမ်းကြားတွင် ကုန်းကျော်တံတားတစ်စင်း ဆောက်လုပ်ရန်
စီစဉ်လျက်ရှိ ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံမှ စုံစမ်းသိရှိရသည်။
"၃၄ လမ်း၊ ရ၈ လမ်းကနေ ရ၉ လမ်း အထိ ကုန်းကျော်တံတားလုပ်ဖို့တော့ စီစဉ်နေပါတယ်။ အဲဒီ
လမ်းက မြေပြင် ပေါ်ကသွားဖို့ကျတော့ သံလမ်းက သုံးလမ်းရှိတယ်။ မီးရထားက အဲဒီနားမှာပဲ အမြဲ
တမ်းရှန်တိန်လုပ်နေတော့ ခုံးကျော်တံတား လုပ်မှဖြစ်မယ့် အနေအထား ရောက်နေတယ်။ ဒါကို
လုပ်ဖို့တော့ မီးရထားဌာနနဲ့ ညှိနှိုင်းရဦးမယ်။ ညှိနှိုင်းပြီး ပုံစံတွေထုတ်မယ်။ လက်ရှိတော့ အစီအစဉ်
လုပ်တုန်းပဲရှိ သေးတယ်။ ဆောက်တာကတော့ နောက်ဘဏ္ဍာနှစ်လောက်မှပဲ ဆောက် နိုင်မယ်"ဟု
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယခုတည်ဆောက်မည့် ခုံးကျော်တံတားသည် ၃၅ လမ်းရှိ ခုံးကျော်တံတား ထက် ပိုမိုကျယ်ဝန်းမည်
ဖြစ်ကာ ဆိုင်ကယ်များအသုံးပြုနိုင်အောင် တည်ဆောက်သွားမည်ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူ
က ဆက်လက်ပြောကြားသည်။
မန္တလေးမြို့တွင် ယာဉ်စီးရေတိုးပွားလာသောကြောင့် ခုံးကျော်တံတားများတွင် ယာဉ်ကြောကြပ်မှု
များရှိလာသော ကြောင့် ခုံးကျော်တံတားသုံးစင်း ရှိသည့် အနက် ၃၅ လမ်းကုန်းကျော်နှင့် ၄၂ လမ်း
ခုံးကျော်တို့တွင် ဆိုင်ကယ်တက်ရောက် မောင်းနှင်ခြင်းကို ပြီးခဲ့သောနှစ် ဖေဖော်ဝါရီလအတွင်းက
တားမြစ်ခဲ့သည်။
"မန္တလေးမြို့မှာက အရှေ့အနောက်လမ်းတွေက ခါးပြတ်နေတယ်။ ၁၂ လမ်း ကနေ ၂၆ လမ်းအထိ
က ကျံုးကဖြတ်ထားတယ်။ ၂၆ လမ်းကနေပြီး ၃၅ လမ်း အထိက ဘူတာကြီးခံနေတယ်။ နောက်ပြီး
၃၇ လမ်းကနေပြီးတော့ သိပ္ပံလမ်း အထိက စစ်တပ်နဲ့ တက္ကသိုလ်က ပိတ်နေတယ်။ ဒီတော့ အရှေ့
အနောက် တော်လျှောက်သွားနိုင်တဲ့လမ်းတွေမှာ ယာဉ်တွေပြံုပြီးသွားကြတယ်။ ဒီကြားထဲ
တစ်လမ်းမောင်းတွေ သတ်မှတ်လိုက် တော့ မြို့ရဲ့အရှေ့ကအနောက်၊ အနောက်ကနေ အရှေ့ကို
သွားမယ်ဆိုရင် တစ်ကွေ့တစ်ပတ်ကြီး သွားနေရတယ်"ဟု မဟာအောင်မြေမြို့နယ်တွင် နေထိုင်သူ
ကိုအေးမင်းထွန်းက ပြောသည်။















