ဆိုက်ရောက်ဗီဇာ ပေးနေမှု ၂၆ နိုင်ငံမှ ၂၂ နိုင်ငံ ထပ်တိုးခွင့်ပြု

ဆိုက်ရောက်ဗီဇာ ပေးနေမှု ၂၆ နိုင်ငံမှ ၂၂ နိုင်ငံ ထပ်တိုးခွင့်ပြု

မန္တလေးမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လက်ရှိထုတ်ပေးနေသော ဆိုက်ရောက်ဗီဇာ၂၆ နိုင်ငံ
မှ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ နိုင်ငံပေါင်း ၂၂ နိုင်ငံတိုးမြှင့်၍ ထုတ်ပေးနေပြီဖြစ် ကြောင်း
မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ
လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဝင်းက ပြောသည်။

"ထပ်မံတိုးမြှင့်တဲ့ ၂၂ နိုင်ငံနဲ့ပေါင်းရင် အားလုံးပေါင်း ဆိုက်ရောက်ဗီဇာထုတ် ပေးတာ ၄၈ နိုင်ငံဖြစ်
သွားပါပြီ၊ ဒီနိုင်ငံ တွေအတွက် ကျွန်တော်တို့က အဆင်ပြေပြေနဲ့ စည်းကမ်းတကျ ဗီဇာတွေကို
ထုတ်ပေးသွားမှာပါ၊ မြန်မာနိုင်ငံက သက်ဆိုင်ရာသံရုံးအသီးသီးမှာဗီဇာရယူဖို့ အချိန်မရှိတဲ့ နိုင်ငံခြား
သားခရီးသွားတွေအတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

ဆိုက်ရောက်ဗီဇာများ ထုတ်ပေးရာ တွင် မြန်မာနိုင်ငံ၌ ရင်းနှီးမြှပ်နှံ၍ လုပ်ကိုင်လိုသူများအတွက်
အမေရိကန် ဒေါ်လာ ၅၀ ပေးရ မည့် နေထိုင်ရက် ရ၀ ခွင့်ပြုလုပ်ငန်းဗီဇာ၊ အလုပ်ရုံဆွေးနွေးပွဲများ၊
အစည်းအဝေးများ၊ တွေ့ဆုံပွဲများအတွက် အမေရိကန်ဒေါ်လာ ၄၀ ပေးရ မည့် နေထိုင်ရက် ၂၈
ခွင့်ပြုပြည်ဝင် ဗီဇာ နှင့် ၂၄ နာရီနေထိုင်နိုင်မည့် ဖြတ်သန်း ဗီဇာအတွက် အမေရိကန်ဒေါ်လာ ၂၀
ပေးရမည်ဖြစ်ပြီး ခွင့်ပြုထားသည့်ရက် ထက်ကျော်လွန်နေထိုင်ပါက ရက်ပေါင်း ၉၀ အတွင်းတစ်ရက်
အတွက် အမေရိကန် သုံးဒေါ်လာနှင့် ရက် ၉၀ ကျော်လွန်သွားပါက တစ်ရက်လျှင် ငါးဒေါ်လာ ပေးရ
မည်ဖြစ်ကြောင်း သိရသည်။

ဆိုက်ရောက်ဗီဇာအတွက် တိုးမြှင့် ခွင့်ပြုပေးခဲ့သည့်နိုင်ငံများမှာ ဩစတြီးယား၊ ချက်သမ္မတနိုင်ငံ၊
အိုင်ယာလန်၊ မော်လ်တာ၊ စလိုဗက်ကီးယား၊ ဘယ်ဂျီယံ၊ အက်စ်တိုးနီးယား၊ အစ္စရေး၊ နယ်သာလန်
စလိုဗေးနီးယား၊ ဘူလ်ဂေးရီးယား၊ ဖင်လန်၊ လတ်ဗီးယား၊ ပိုလန်၊ ကနေဒါ၊ ဂရိစ်၊ လစ်သူရေးနီးယား၊
ပေါ်တူဂီ၊ ဆိုက်ပရက်စ်၊ ဟန်ဂေရီ၊ လူဇင်ဘတ် နှင့် ရိုမေးနီးယား နိုင်ငံတို့ဖြစ်သည်။

မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် ဆိုက်ရောက်ဗီဇာစတင်ထုတ်ပေးသည့် ၂၀၁၂ခုနှစ်
နိုဝင်ဘာလ ၁ရက်နေ့မှ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ အထိ နိုင်ငံခြားသားခရီးသည် ရ၆
ဦးနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနအကြောင်းကြားစာဖြင့် ခွင့်ပြုသည့် တိုးရစ်ဗီဇာကို
ခရီးသည် ၁၅၈ ယောက်အတွက် ထုတ်ပေးခဲ့ပြီး၊ တောင်ကိုရီးယား နိုင်ငံ၊ အမေရိကန်နိုင်ငံနှင့်
ဖိလစ်ပိုင်နိုင်ငံ တို့မှ ခရီးသည်များအား အများဆုံး ထုတ်ပေးရကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး