မန္တလေးမြို့တွင် မဟာမုနိဘုရားကြီး အနောက်ဘက်မုခ်ရှိ ကျောက်ဆစ်လုပ်ငန်းခွင်များကို အဆိုပါ
နေရာများမှ ရွှေ့ပြောင်းရန် စည်ပင်သာယာက သတ်မှတ်ခဲ့သော်လည်း ရွှေ့ရန်နေရာမရှိ ဖြစ်နေ
သည့်လုပ်ငန်းရှင်များမှာ လုပ်ငန်းခွင် အကျပ်အတည်း ပိုမိုကြုံတွေ့နေကြရ ကြောင်း သိရသည်။
ကျောက်ဆစ်မှုအပိုင်း၌ ထင်ရှားသည့် မဟာမုနိဘုရား အနောက်မုခ် ၈၄ လမ်း ပေါ်ရှိ ကျောက်ဆစ်
လုပ်ငန်း ၄၀ ခန့်ကို စည်ပင်သာယာမှ လမ်းပေါ်ကျူးသည်၊ ပတ်ဝန်းကျင်ဆူညံပြီး အမှုန်အမွှားများ
ပြန့်လွင့်သည်ဟူသော အချက်များဖြင့် မိမိတို့အစီအစဉ်ဖြင့် သင့်တော်ရာနေရာသို့ ပြောင်းရွှေ့ကြရန်
၂၀၁၂ ခုနှစ်လယ် ခန့်မှစ၍ အကြိမ်ကြိမ်ခေါ်ယူ သတိပေးခဲ့ပြီးနောက် အဆိုပါနှစ်အတွင်း ဩဂုတ်လ
၉ ရက် မှစတင်ကာ တစ်လအတွင်း ပြောင်းရွှေ့ကြရန် နောက်ဆုံးအဖြစ် အသိပေးထားသည်။
သို့ရာတွင် ရွှေ့ပြောင်းရန်လုပ်ငန်းခွင် နေရာမရှိဖြစ်နေသည့် လုပ်ငန်းအချို့မှာ ရပ်နားထားပြီး အချို့
မှာ စည်ပင်သာယာ က လာစစ်ဆေးလျှင် ခေတ္တသိမ်းဆည်း ခြင်း၊ အချို့မှာ ဆိုင်ခန်းအတွင်း
အလုပ်လုပ်ခြင်းဖြင့် ယခုအထိ လိပ်ခဲတည်းလည်း အခြေအနေဖြင့်သာ ခရီးဆက်နေရကြောင်း
လုပ်ငန်းရှင်များက ပြောသည်။
"ကျွန်တော်တို့အားလုံး စည်ပင်သာယာက စီစဉ်ပေးနိုင်မယ့် နေရာတစ်ခုကို လိုချင်ကြပါတယ်။
သွားစရာ နေရာမရှိ ပါဘူး။ ဒီလိုအလုပ်မျိုးကလည်း တခြား ဘယ်ရပ်ကွက်တွေထဲမှာမှ သွားလုပ်ဖို့
အဆင်မပြေနိုင်ဘူးလေ။ အခုတော့ လမ်းပေါ်တက် အလုပ်မလုပ်ရဘူးဆိုလို့ ဆိုင်ခန်းကျဉ်းလေးတွေ
ထဲ ၀င်လုပ်နေကြတော့ လေထုညစ်ညမ်းမှုက အတော်ဆိုးဝါးတဲ့အခြေအနေပါ။ လုပ်ငန်းခွင်ကို
လည်း ကောင်းကောင်းလေ့လာခွင့်မရတော့ နိုင်ငံခြားသားဧည့်သည် တွေလည်း ဒီဘက်ကို သိသိ
သာသာ အလာနည်းသွားပြီ"ဟု ကျောက်ဆစ်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ကိုလှိုင်က ယခု လ ၁၁
ရက်နေ့တွင် ပြောသည်။
နိုင်ငံခြားသား ခရီးသွားဧည့်သည်များ စိတ်ဝင်စားစွာ လာရောက်လေ့လာကြရ သော အဆိုပါ
ကျောက်ဆစ်တန်းနေရာတွင် ဆိုင်ခန်းများမှာ တစ်ခန်းလျှင် မျက်နှာဖွင့် ကိုးပေခန့်သာရှိပြီး ကျောက်
ဆစ်ထုလုပ်ရာတွင် ကားလမ်းဘေး နေရာကျယ်၌သာ ထုလုပ်ရန်အဆင် ပြေသည်။
လုပ်ငန်းရှင်များက ၎င်းတို့ အခက်အခဲကို သမ္မတနှင့် တာဝန်ရှိသူများထံ အသနားခံစာတင်ထားဆဲ
ဖြစ်ကြောင်း သိရသည်။
"အခု စည်ပင်သာယာလမ်းတံတားဌာနကနေ လမ်းငုတ်တွေ လာရိုက်ထားတာတော့ တစ်လ
လောက်ရှိပြီ။ အဲဒီ နောက်ပိုင်း ဘာမှမထူးခြားသေးပါဘူး။ ကျွန်တော်တို့လည်း အလုပ်လုပ်ရတာ
ပိုပြီးအဆင်မပြေဖြစ်လာတယ်။ အမရပူရမြို့တွင်းဘက်မှာတည်မယ့် ကျောက်စိမ်းစေတီနဲ့ ကျောက်
မျက်ရတနာဈေးဘက်ကိုလည်း ဒီကလုပ်ငန်း ရှင်တွေ အကုန်လုံးနီးပါး မသွားချင်ကြပါဘူး"ဟု
ကျောက်ဆစ်လုပ်ငန်းရှင် တစ်ဦးက ဖြည့်စွက်ပြောသည်။
















