မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အတွင်းရှိ နှစ်ကျပ်ခွဲကျေးရွာ မီးလင်းရေး
ကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဆရာတော် ဦးကောသလ္လကို မြို့နယ် ရဲတပ်ဖွဲ့မှာ ၀တ္တရားနှောင့်ယှက်မှုဖြင့်
အမှုဖွင့်ဆောင်ရွက်နေပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စက်မှုနှင့် လျှပ်စစ်ဝန်ကြီးဒေါက်တာ
မြင့်ကြူက မြန်မာတိုင်း(မ်)ကို ပြောသည်။
"ဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူး။ ဥပဒေချိုးဖောက်လာရင် ဘယ်သူပဲ ဖြစ်ဖြစ် ဥပဒေအတိုင်း
ဆောင်ရွက်ရမှာပါ။ ပြဿနာစဖြစ်ကတည်းက ရဲတွေကို အင်အားမသုံးဖို့၊ ဘာမှ မလုပ်ဖို့ ညွှန်ကြား
ထားပြီးသားပါ။ ဒါကို ဘုန်းကြီးက တာဝန် ဆောင်ရွက်တဲ့ ၀န်ထမ်းကို လည်ပင်း ညှစ်တာတွေ
ဘာတွေလုပ်လာတယ်။ ဒါက ၀တ္တရားနှောင့်ယှက်မှုပါ" ဟု ၎င်းက ပြောသည်။
အဆိုပါ နှစ်ကျပ်ခွဲကျေးရွာရှိ ဘုန်း တော်ကြီးကျောင်း၌ ၂၀၀၉ ခုနှစ်တွင် ကျေးရွာသူကျေးရွာသား
များ၏ လျှောက်ထားမှုကြောင့် ဆရာတော်က မီးလင်းရေး ကော်မတီဖွဲ့စည်းပြီး အဆင့်ဆင့်
ထောက်ခံလျှောက်ထားခဲ့သဖြင့် အိမ်သုံး မီတာ ၁၄၅ လုံးရရှိခဲ့ပြီး ကျေးရွာတစ်ရွာ လုံးသတ်မှတ်
ဓာတ်တိုင် (၁၁ကေဗီ) ၆၃ တိုင်စိုက်ထူပြီး မီးလင်းရေးဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။
"တကယ်တော့ အဲဒီရွာက နှစ်ခြမ်းကွဲနေတယ်။ မီးလင်းတဲ့ အိမ်ထောင်စု ၁၄၅ စုရှိပေမယ့် မီးမလင်း
သေးတဲ့ အိမ်ထောင်စုက ၈၀၀ ရှိသေးတယ်။ သူတို့လည်း မီးလင်းချင်တော့ နောက်ထပ်မီးလင်းရေး
ကော်မတီဖွဲ့ဖို့လုပ်လာတယ်။ ရွာတစ်ရွာမှာ မီးလင်းရေးကော်မတီက နှစ်ဖွဲ့ဖွဲ့လို့ မရဘူး။
"ပထမအဖွဲ့ကလည်း တကယ်တော့ ဘုန်းကြီးကျောင်းအတွက်လုပ်တာဆို လို့ ဘာသာသာသနာ
အတွက်ပေးထားတာ။ ဘုန်းကြီးက ရွာကို ပြန်ပေးထားတဲ့သဘောပဲ။ သူတို့အချင်းချင်းလည်း
ငွေကြေးအရှုပ်အရှင်းတွေ ရှိနေပြန်တယ်"ဟု ၀န်ကြီးက ပြောသည်။
နိုင်ငံတော်က ခွင့်ပြုသတ်မှတ်ထား သော မီးလင်းရေးကော်မတီဖွဲ့စည်းခြင်းဆိုင်ရာ အချက် ၂၄
ချက်တွင် ငွေရေး ကြေး ရေး အရှုပ်အရှင်းများကို ပါ၀င်ဖြေရှင်း ပေးရန် မပါ၀င်ကြောင်း၊ နွေရာသီ
မီးဖြတ်သည့်အချိန်တွင် သာသနာအဆောက်အအုံဖြစ်သော ဘုန်းကြီးကျောင်းကို ၂၄ နာရီ မီးပေး
မည်ဖြစ်သော်လည်း အဆိုပါဘုန်းကြီးကျောင်းနှင့်တွဲလျက် မီးချိတ်ထားသော ၁၄၅ အိမ်ကို ၂၄ နာရီ
မီးပေးရန်မှာ မဖြစ်နိုင်ကြောင်း ပြောသည်။
"အဲဒီ ၁၄၅ အိမ်ကို ပထမဆုံးမီးမလင်း သေးတဲ့ အိမ် ၈၀၀ နဲ့ပေါင်း ပြီး တစ်လိုင်းတည်းလုပ်ရမယ်။
ဘုန်းကြီးကျောင်းကို သီးသန့်တစ်လိုင်း လုပ်ပေးရမယ်။ ဒါကို ဘုန်းကြီးနဲ့ အဲဒီ ၁၄၅ အိမ်နဲ့က လက်
မခံဘူးဖြစ်နေတယ်။ မီးမလင်းတဲ့ အိမ် ၈၀၀ကို တစ်လိုင်းခွဲပေးဖို့ကျတော့ ရွာသေးသေးထဲမှာ ၁၁
ကေဗီဓာတ်အား လိုင်းနှစ်လိုင်းယူထားတာက အဓိပ္ပာယ် မရှိဘူး" ဟု ဒေါက်တာမြင့်ကြူက ပြော
သည်။
ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ခရိုင် လျှပ်စစ်အင်ဂျင်နီယာ၏ တိုင်ကြားချက်အရ မြို့နယ်ရဲတပ်ဖွဲ့မှူး၊
စခန်းမှူးတို့ ရောက်ရှိလာပြီး လူ၁၂ ဦးအား အမှုဖွင့်ထားကြောင်း နှစ်ကျပ်ခွဲကျေးရွာမှ ကျေးရွာ
မီးလင်းရေးကော်မတီဥက္ကဋ္ဌ ဆရာတော်ဦးကောသလ္လက ယခုလ ၈ ရက်နေ့ မြန်မာဂျာနယ်လစ်
ကွန်ရက်ရုံးခန်း၌ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မိန့်သည်။
"မတရားသဖြင့် လုပ်တဲ့သူတွေကပဲ တရားဥပဒေနဲ့အညီ လုပ်ဆောင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့
တရားစွဲဆိုနေကြတယ်။ မတရားလုပ်တဲ့သူတွေကပဲ အမှုဆင်ပြီး ပုဒ်မအမျိုးမျိုးတပ် ဖမ်းဆီးတော့
မယ့်ကိစ္စကို မလိုက်လျောနိုင်တဲ့အတွက် ထွက်ဆိုချက်တွေအတွက်လည်း လက်မှတ်ထိုးပေးဖို့
မလိုက်လျောနိုင်ကြောင်း ပြောခဲ့တယ်"ဟု ၎င်းက မိန့်သည်။















