မြေဈေးနှုန်းကလည်း သာမန်လူတန်းစားတွေ လိုက်မီနိုင်ဖို့ခက်ခဲတဲ့ အနေအထားမှာရှိနေတယ်။
တန်ဖိုးနည်း အိမ်ရာရဲ့ဈေးနှုန်းကလည်း သူ့ရဲ့တည် ဆောက်မှုကုန်ကျစရိတ် အနေအထား ကြောင့်
ဈေးနှုန်းဟာမြင့်နေဦးမယ်ဆိုရင်တော့ 'တန်ဖိုးနည်းမြေရာ'ဆိုတဲ့ အစီအစဉ်မျိုးကို ထည့်စဉ်းစားသင့်
ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်နဲ့ အိမ်မြေ အကျိုးဆောင်တချို့က ပြောပါတယ်။
ဒီလိုအနေအထားမှာ 'တန်ဖိုးနည်း အိမ်ရာ'နဲ့ 'တန်ဖိုးနည်းမြေရာ'တို့အကြား မှာ ထပ်စဉ်းစားလို့ရတဲ့
ကွာခြားချက်ကလေးတွေ ကျန်ရှိနေပါသေးတယ်။
"ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ အိမ်နီး ချင်းနိုင်ငံတစ်နိုင်ငံက တန်ဖိုးနည်း အိမ်ရာကို ကျွန်တော်တွေ့ခဲ့၊
လေ့လာမိခဲ့တာမှာ တွေ့ရတာကတော့ အဲဒီလို အိမ်ရာတွေ စုပေးထားတဲ့နေရာတွေမှာ ဒုစရိုက်မှု
တွေ များများဖြစ်တတ်တာပါပဲ။ ဒီလိုနေရာတွေမှာက အုတ်နံရံတွေ လေးဖက် လေးတန် ကာပေး
လိုက်သလို ဖြစ်သွားတယ်။ ချောင်ကြိုချောင်ကြား တွေများသွားတယ်"လို့ C.A.D ဆောက်လုပ်ရေး
လုပ်ငန်းရှင် ဦးဇင်မင်းဆွေက ပြောပြပါတယ်။
မန္တလေးမြို့တော် စည်ပင်သာယာအနေနဲ့ အခုအခါ တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ဖို့ စီစဉ်နေရာ
မှာ အိမ်ရာတွေကြားမှာ စိမ်းလန်းစိုပြည်စေမယ့် အစီအစဉ်မျိုးကိုလည်း ထည့်သွင်း လုပ်ဆောင်ဖို့
ပါ၀င်မယ်လို့သိရပါတယ်။
ဒီနေရာမှာ ရေ၊ မီး၊ လမ်းစနစ်တွေလည်း အပြည့်အစုံ ထည့်သွင်းသွားမယ်လို့ ဆိုထားပါတယ်။
အခုလိုအနေအထားအတိုင်း တန်ဖိုးနည်းအိမ်ရာတွေမှာ အခန်းတစ်ခန်း အကျယ်ကလည်း ပျမ်းမျှ
ပေ ၂၀ x ပေ ၃၀ လောက် ရှိလိမ့်မယ်ဆိုတာကြောင့် လက်ရှိတည်ဆောက်မှု ကုန်ကျစရိတ် အနေ
အထားကြောင့် ခေါ်ဈေးတန်ဖိုး ထွက်လာတဲ့အခါမှာ ရှေ့တစ်ပတ်မှာ ပြောခဲ့သလိုပဲ သာမန်လူလတ်
တန်းစား တွေအတွက်လည်း ၀ယ်နိုင်ဖို့အတော် အားထုတ်ကြရမယ့် အခြေအနေပါပဲ။
နောက်ပြီး ဘယ်လိုဦးစားပေးပုံစံနဲ့ ရောင်းချသွားမလဲဆိုတာကလည်း ထည့် စဉ်းစားရမယ့်အချက်
ဖြစ်ပြီး သတ်မှတ် ရောင်းချမယ့် အခန်းနှုန်းထားက မြင့်မား နေမယ်ဆိုရင်တော့ နေစရာအခက်အခဲ
ဖြစ်နေပေမယ့် ငွေမလိုက်နိုင်တဲ့သူတွေအတွက်အကျိုးဖြစ်နိုင်ပါ့မလားဆိုတာလည်း ရှိပါသေးတယ်။
နောက်တစ်ချက် ထပ်စဉ်းစားသင့်တာက 'စိတ်ခံစားမှု'အပိုင်းဖြစ်ကြောင်း ဦးဇင်မင်းဆွေက သုံးသပ်
ပြောပါတယ်။
"မြေပိုင်ဆိုင်ဖို့ ခက်ခဲနေတဲ့သူတွေအနေနဲ့ မြေကွက်ခပ်သေးသေး ပိုင်ဆိုင် နိုင်ပြီဆိုရင်ပဲ သူ့အနေနဲ့
တစ်ကမ္ဘာလုံးကို ပိုင်လိုက်ရတာနဲ့မခြားတဲ့ စိတ်ကျေနပ်မှု မျိုးကိုရနိုင်ပါတယ်။ တိုက်ခန်းကျဉ်း
ဆိုတာ အုတ်နံရံလေးဖက် လေးတန်ကြားမှာပဲ ခံစားချက်ကရနိုင်မှာလေ။ အထူးသဖြင့် မန္တလေးက
လူတွေက တိုက်ခန်းယဉ်ကျေးမှုထက် မြေကို ပိုတပ်မက်ကြမယ်ထင်တယ်။ မြေကွက် ကျဉ်းကျဉ်း
သေးသေးပေါ်မှာ တဲထိုးထန်းလက်ကာပြီးနေရရင်ကို အဲဒါကို ပိုနှစ်သက်ကြလိမ့်မယ် ထင်ပါတယ်"
လို့ ဦးဇင်မင်းဆွေက ပြောပါတယ်။
ဒီအခြေအနေကြောင့် မကျဉ်းမကျယ် ပျဉ်ထောင်အိမ်လောက်ဆောက်နိုင်မယ့် မြေကွက်အကျယ်
တွေကို နေစရာတကယ်အခက်အခဲ ဖြစ်နေတဲ့သူတွေအတွက် စိစစ်ပြီး အကွက်ဖော်ရောင်းချ ပေး
မယ့် 'တန်ဖိုးနည်းမြေရာ' အစီအစဉ် ဆိုတာ ထည့်စဉ်းစားသင့်နေပါတယ်။
တန်ဖိုးနည်းမြေရာဆိုတာမှာလည်း အားနည်းချက်ဆိုတာကတော့ရှိနေမှာ ပါပဲ။ ပြောရရင် မီးဘေး
အန္တရာယ်မျိုးပါ။ ဒါကတော့ တိုက်ခန်းတွေမှာလည်း သတိထားကြရမယ့် ကိစ္စရပ်ဖြစ်ပြီး မြေရာတွေ
မှာတော့ လမ်းစနစ်၊ ခြံဝင်း စနစ်နဲ့ အဆောက်အအုံအမျိုးအစားစနစ်၊ သန့်ရှင်းရေးစနစ် စတာတွေကို
ပါ စည်းကမ်းသတ်မှတ်ချက်နဲ့ စနစ်တကျ ဖော်ဆောင်ဖို့ လိုအပ်ပါလိမ့်မယ်။
"တန်ဖိုးနည်းမြေရာဖြစ်ဖြစ်၊ တန်ဖိုးနည်းအိမ်ရာဖြစ်ဖြစ် သူ့ဟာနဲ့သူ အားနည်းချက်၊ အားသာချက်က
တော့ ရှိတာ ပေါ့။ ဒါပေမဲ့မြေက ကိုယ်လိုက်မီတဲ့ တန်ဖိုးနဲ့ဆိုရင်တော့ မျက်စိစုံမှိတ်ပြီး ၀ယ်ချင်တဲ့
သူတွေကတော့ မန္တလေးမြို့ မှာ မရှားနိုင်ပါဘူး။ တန်ဖိုးနည်းတယ်ဆိုပြီး ၀ယ်ပြီးမှ မြေရာကိစ္စအရှုပ်
အရှင်းတွေ ဖြစ်နေကြရတာတွေကို ခန့်မှန်းကြည့်ရင် သိနိုင်ပါတယ်"လို့ မြို့သစ်က အိမ်မြေ
အကျိုးဆောင်တွေက ဆိုပါတယ်။
















