တရုတ်ဦးထုပ်များကြောင့် တစ်နိုင်တစ်ပိုင်ဦးထုပ်လုပ်ငန်းများ ထိခိုက်မှုရှိ

တရုတ်ဦးထုပ်များကြောင့် တစ်နိုင်တစ်ပိုင်ဦးထုပ်လုပ်ငန်းများ ထိခိုက်မှုရှိ

မန္တလေးမြို့တွင် မိသားစုတစ်နိုင်တစ်ပိုင် ဦးထုပ်ချုပ်လုပ်ငန်းများမှာ တရုတ်နိုင်ငံ မှတင်သွင်းလာ
သော ဦးထုပ်များကြောင့် ဈေးကွက်ထိခိုက်လျက်ရှိကြောင်း အဆိုပါ လုပ်ငန်းလုပ်ကိုင်သူများက
ပြောသည်။

တရုတ်နိုင်ငံမှ တင်သွင်းလာသော ဒီဇိုင်းစုံဦးထုပ်များ ဈေးကွက်တွင်း နေရာယူလာမှု၊ ဦးထုပ်ပြုလုပ်
ရန်လိုအပ်သည့် ကုန်ကြမ်းများကို တရုတ်နိုင်ငံမှပင် ၀ယ်ယူရသောကြောင့် အမြတ်တင် ရောင်းချခံ
နေရသည့်အတွက် ဈေးကွက်ထိခိုက်မှုများ ကြံုတွေ့နေရကြောင်း ရာစုသစ် ဦးထုပ်ချုပ်လုပ်ငန်းမှ
ကိုမောင်မောင်လွင်က ပြောသည်။

"အခုဈေးကွက်ထဲမှာ တရုတ်နိုင်ငံ က ဦးထုပ်တွေက ဈေးကွက်အသာစီးရနေတော့ ကျွန်တော်တို့လို
တစ်နိုင်တစ်ပိုင်လုပ်ငန်းတွေအနေနဲ့ တော်တော်ရုန်းကန်ရပါတယ်။ ကျွန်တော်တို့လုပ်တဲ့ ဦးထုပ်တွေ
က အရည်အသွေးမမှီတာလည်းပါတယ်။ တရုတ်ကိုမယှဉ်နိုင်တဲ့ နောက်တစ်ချက်က သူတို့က
ပြည်တွင်း ဖြစ်တွေနဲ့ အကုန်လုံးလုပ်လို့ရတယ်။ ကျွန်တော်တို့ကျတော့ ဦးထုပ်လုပ်ဖို့ လိုအပ်တဲ့
ကုန်ကြမ်းဖြစ်တဲ့ ပိတ်စတွေကို သူတို့ဆီမှာပြီးလုပ်ရတော့ ကျွန်တော်တို့ဆီ ဒီပိတ်စတွေ မရောက်
ခင်ကြားထဲမှာ အဆင့်နှစ်ဆင့်လောက်ရှိတယ်။ ကျွန် တော်တို့က ကုန်ကြမ်းကို ကုန်ချောပြန်
လုပ်တဲ့သူဆိုတော့ စရိတ်တွေက အများကြီးတက်သွားပြီ။ အလုပ်သမားစရိတ်နဲ့ နောက်ထပ်လျှော့
ချရမယ့် စရိတ်တွေ မလျှော့နိုင်တော့ဘူး"ဟု ၎င်းက ပြောသည်။

ထို့ပြင် ဈေးကွက်ထိခိုက်ရခြင်းအခြား အကြောင်းရင်းတစ်ခုမှာ ယခုနှစ် အစပိုင်းတွင် ဈေးကွက်
ကောင်းခဲ့သော်လည်း ဦးထုပ်ဈေးနှုန်းကြီးမြင့်မှုများကြောင့် မြန်မာချုပ်ဦးထုပ်များ ၀ယ်ယူသူနည်းပါး
သွားပြီး လက်ရှိတွင် ဈေးနှုန်းချ၍ ရောင်းချနေရကာ ဦးထုပ်ဈေးနှုန်းများမှာ အနိမ့်ဆုံး ဦးထုပ်ဈေးနှုန်း
ကျပ် ၅၀၀- ၆၀၀ မှ အမြင့်ဆုံး ကျပ် ၁,၂၀၀-၁,၄၀၀ ထိရှိကြောင်း ၎င်းက ပြောကြားသည်။

"ဒီနှစ်အစပိုင်းက ဈေးကွက်ကောင်းတယ်။ ကိုယ်သွင်းလိုက်တဲ့ပစ္စည်းက အကျိုးအမြတ်မရှိတာ။
မြန်မာချုပ်ဆို ဈေးမြင့်ရင် ၀ယ်တဲ့သူက တော်တော်ရှားတယ်။ မြန်မာချုပ်ဆိုပြီး အထင်သေးတာ
လည်းပါတာပေါ့။ တကယ်တော့ ကျွန်တော်တို့ဦးထုပ်တွေက တရုတ်နဲ့ ယှဉ်နိုင်ပါတယ်။ ဒါပေမဲ့
နိုင်ငံခြားဆိုရင် အထင်ကြီးတဲ့ဗီဇက မပျောက်နိုင်သေးဘူး"ဟုလည်း ကိုမောင်မောင်လွင်က ပြော
သည်။

ဦးထုပ်ချုပ်လုပ်ငန်းမှာ တစ်နှစ်တာ အတိုင်းအတာတွင်ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လပိုင်း
အထိသာ အလုပ် ဖြစ်ပြီး အဆိုပါလများတွင်လည်း ရာသီဥတုအခြေအနေနှင့် အလုပ်သမားရရှိမှု
အပေါ်လည်းမူတည်ကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

"အခုနှစ်လပိုင်းရောက်ပြီဆိုတော့ ဈေးကွက်စပြီ။ အရင်နှစ်ကဆိုရင်တော့ ဈေးကွက်ကောင်းရင်
သင်္ကြန်မတိုင်ခင် အထိလုပ်ရတယ်။ မိုးတွင်းပိုင်းရောက် ရင်တော့ ဈေးကွက်အေးပါတယ်။ တကယ်
အလုပ်ဖြစ်တဲ့လ ရောက်ပြန် တော့လည်း ရာသီဥတုမကောင်းတာတို့ အလုပ်သမားမရှိတာတို့
ဖြစ်ပြန်ရင် လည်း အလကားပဲလေ။ တစ်နိုင်တစ်ပိုင် မိသားစုလုပ်ငန်းဆိုတော့ အလုပ်သမားအများ
ကြီးမခေါ်နိုင်ဘူး။ ကိုယ့်ဆွေမျိုး သားချင်းတွေနဲ့ပဲလုပ်ရတယ်။ အခုရက်ပိုင်းကို အလုပ်ကစလုပ်မယ်
မရှိ သေးဘူး။ လျှပ်စစ်မီးပျက်တော့ နစ်နာတာပေါ့။ အလုပ်ဖြစ်တဲ့သုံးလပြီးရင်တော့ ကျန်တဲ့လ
တွေမှာ ဈေးကွက်ထိန်းပြီး ထမင်းပုံမှန် စားနိုင်ဖို့ ဦးထုပ်ပုံစံအမျိုးမျိုး ဒီဇိုင်းအဆန်းလေးတွေ လုပ်ရ
တယ်။ ပြီးတော့ ဆိုင်တွေလိုက်ပြလို့ အော်ဒါရရင်တော့ အသက်ရှူချောင်တာပေါ့"ဟု
ကိုမောင်မောင်လွင် ကပြောသည်။

ဦးထုပ်များကို နယ်မြို့များသို့ ရောင်းချ ရခြင်းကြောင့် အဆိုပါမြို့များ၏ ကြိုက် နှစ်သက်သည့်
ဒီဇိုင်းများအပေါ်မူတည် ၍တစ်နှစ်လျှင် ယောက်ျားဆောင်းနှင့် မိန်းကလေးဆောင်း ဒီဇိုင်းမျိုးစုံ ၃၀
ကျော် ထုတ်လုပ်ပြီး ကုမ္ပဏီများ၊ ကဏ္ဍပေါင်းစုံ မှအဖွဲ့အစည်းများက အများဆုံးအော်ဒါ လက်ခံရရှိ
ကြောင်းသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး